Search
Close this search box.
Search
Close this search box.

AMI Life News

လူအစုလိုက် ဝမ်းပျက်ဝမ်းလျှောခြင်း ဖြစ်ခဲ့သည်ရှိသော်…

ဝမ်းပျက်ဝမ်းလျှောဆိုတာ လူတိုင်း တစ်ချိန်မဟုတ်တစ်ချိန် ဖြစ်တတ်တဲ့အရာပါ။ ဒါပေမဲ့ မိမိပတ်ဝန်းကျင်ဒေသမှာ တစ်ပတ်အတွင်း ဝမ်းလျှောသူအရေအတွက် မသင်္ကာစရာဖြစ်အောင် မြင့်တက်လာပြီး လူနာတွေမှာ … 

▪️တူညီတဲ့ ရောဂါလက္ခဏာရှိခြင်း (ရေလိုဝမ်းသွားခြင်း/သွေးဝမ်းသွားခြင်း) 

▪️တူညီတဲ့ နေရာ၊ အရပ်မှာ နေထိုင်ခြင်း 

▪️အစားအသောက်တစ်ခုတည်းကို စားခဲ့ကြခြင်း (ဥပမာ – အလှူ၊ စားသောက်ဆိုင်) 

▪️သောက်သုံးရေ အရင်းအမြစ် တူနေခြင်း 

▪️မိမိဒေသအနီးမှာ အစုလိုက်ဝမ်းလျှောမှုဖြစ်ပွားခြင်းတွေရှိနေရင် မကြာခင်မှာ အစုလိုက်ဝမ်းလျှောမှုဖြစ်ပွားနိုင်ပါတယ်။ 

ဒီလိုမျိုး ရုတ်တရက်ဝမ်းလျှောစေနိုင်တဲ့ ဝမ်းရောဂါက (၂)မျိုးရှိပါတယ်။ Cholera (ကာလဝမ်းရောဂါ) နဲ့ Shigella Dysentery(သွေးဝမ်းရောဂါ) ပါ။ ဒီနှစ်ခုရဲ့ ကွာခြားမှုတွေကတော့ … 

▪️Cholera က ဆန်ဆေးရေလိုဝမ်းသွားပြီး Shigella က သွေး၊ အချွဲတွေပါတယ်။ 

▪️အဖျားက Shigella မှာ ရှိနိုင်တယ်။ 

▪️ဗိုက်နာတာက နှစ်ခုလုံးမှာဖြစ်တယ်။ 

▪️အန်တာက Cholera မှာ အဖြစ်များတယ်။ 

▪️ဝမ်းခဏခဏသွားချင်သလိုမျိုး Shigella မှာ ခံစားရနိုင်တယ်။ 

ပြည်သူလူထုအနေနဲ့ ဘာတွေလုပ်နိုင်သလဲဆိုရင် … 

▪️အိမ်သာတက်ပြီးနောက်၊ အစားအစာမပြင်ခင်၊ အစားမစားခင် လက်ကိုဆပ်ပြာနဲ့ဆေးပါ။ 

▪️ရေကိုကျိုချက်သောက်ပါ (သို့) ပိုးသန့်အောင် ကလိုရင်းခတ်ပါ။ 

▪️သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာပဲ စားပါ။ 

▪️သောက်သုံးရေအရင်းအမြစ်နားမှာ ဝမ်းမသွားပါနဲ့။ 

▪️အိမ်သာကိုအသုံးပြုပြီး သန့်သန့်ရှင်းရှင်းထားပါ။ 

🚨တကယ်လို့ ဝမ်းလျှောခဲ့တယ်ဆိုရင် ရောဂါပြင်းထန်မှုအပေါ်မူတည်ပြီး ရေဓာတ်ဖြည့်ပေးဖို့က သိပ်အရေးကြီးပါတယ်။ ဝမ်းလျှောတဲ့သူ ၈၀% ကို ဓာတ်ဆားရည်တစ်မျိုးတည်းနဲ့ ကုသနိုင်ပါတယ်။ 

လူနာက ရေဓာတ်ခမ်းခြောက်နေလားသိနိုင်ဖို့ … 

▪️မျက်တွင်းကျခြင်း 

▪️မျက်လုံးမစိုခြင်း၊ မျက်ရည်မကျခြင်း 

▪️ပါးစပ်၊ လျှာခြောက်ခြင်း 

▪️ရေဆာခြင်း၊ ရေအငမ်းမရသောက်ခြင်း 

▪️အရေပြားကိုဆွဲပြီးလွှတ်လိုက်တဲ့အခါ ဖြည်းဖြည်းချင်းပြန်ဆန့်ခြင်းစတဲ့ လက္ခဏာတွေ နှစ်ခုနဲ့အထက်ရှိမရှိကြည့်ပါ။ 

👉ဒီလက္ခဏာတွေ မရှိဘူးဆိုရင်တော့ တစ်ခါဝမ်းသွားပြီးတိုင်း ဓာတ်ဆားရည်ကို … 

▪️၂ နှစ်အောက်ကလေးမှာ 50 – 100 ml တိုက်ပါ။ တစ်နေ့အတွင်း 500 ml အထိ လိုအပ်သလောက်တိုက်ပါ။ 

▪️၂ – ၉ နှစ်ကြားကလေးဆိုရင် 100 – 200 ml တိုက်ပါ။ တစ်နေ့အတွင်း 1 Liter အထိ လိုအပ်သလိုတိုက်ပါ။ 

▪️၁၀ နှစ်နဲ့အထက်ဆိုရင်တော့ လိုအပ်သလို တစ်နေ့ကို 2 Liter အထိ သောက်နိုင်ပါတယ်။ 

👉လက္ခဏာတွေရှိနေရင်တော့ ရေဓာတ်နည်းနည်းခမ်းနေပါပြီ။ ဒါဆိုရင် ပထမ ၄ နာရီအတွင်း အောက်ပါအတိုင်း ဓာတ်ဆားရည်တိုက်ပါ။ 

▪️အသက် ၄ လအောက်/ 5 Kg အောက် — 200 – 400 ml  

▪️အသက် ၄ – ၁၁ လ/ 5 – 7.9 Kg — 400 – 600 ml  

▪️အသက် ၁၂ – ၂၃ လ/ 8 – 10.9 Kg — 600 – 800 ml 

▪️၂ – ၄ နှစ်/ 11 – 15.9 Kg — 800 – 1200 ml 

▪️၅ – ၁၄ နှစ်/ 16 – 29.9 Kg — 1200 – 2200 ml 

▪️၁၅ နှစ်နဲ့အထက်/ 30 Kg နဲ့အထက် — 2200 – 4000 ml တိုက်ပါ။ 

လူနာကို မကြာခဏစောင့်ကြည့်ပါ။ 

ဓာတ်ဆားသောက်လို့ ပျို့အန်ပြီးမဝင်ရင် နှာခေါင်းပိုက်ထည့်ဖို့လိုနိုင်ပါတယ်။ 

👉တကယ်လို့များ  

▪️လူနာက အားမရှိဘဲနုံးနေ၊ မျော့နေ၊ ပျော့ခွေနေတယ် 

▪️ရေမသောက်နိုင်တော့ဘူး 

▪️သွေးခုန်နှုန်း အားနည်းတယ် 

▪️အရေပြားကို ဆွဲပြီးလွှတ်လိုက်တဲ့အခါ ပြန်ဆန့်ဖို့အချိန်ပိုကြာနေတယ်ဆိုရင်တော့ ဆိုးဆိုးရွားရွား ရေဓာတ်ခမ်းခြောက်နေပြီဖြစ်လို့ ဆေးရုံကိုအမြန်သွားရပါမယ်။ ဓာတ်ဆားရည်သောက်ရုံနဲ့ မရတော့ပါဘူး။ 

✅ဒီတော့ ကူးစက်ဝမ်းရောဂါတွေဖြစ်နေပြီဆိုရင် 

◾သင့်ကို မကူးစက်အောင်ကာကွယ်ပါ။ 

▪️လူနာကိုမပြုစုခင်နဲ့ ပြုစုပြီးနောက် လက်ကိုဆပ်ပြာနဲ့ဆေးပါ။ 

▪️လက်သည်းညှပ်ပါ။ 

◾ကာလဝမ်းရောဂါသမားတွေကို သီးသန့်ထားပါ။ 

▪️သူတို့ရဲ့ မစင်၊ အန်ဖတ်၊ ညစ်ပေတဲ့အဝတ်အစားတွေက အရမ်းကူးစက်လွယ်ပါတယ်။ 

▪️လူနာအသုံးပြုတဲ့ အိမ်သာ၊ ရေပုံးတွေကို သေချာဆေးကြောပြီး ကလိုရင်းနဲ့သန့်စင်ပါ။ 

◾အာဟာရရှိတဲ့ အစားအစာတွေကျွေးပါ။ 

▪️ဝမ်းလျှောတဲ့လူနာအားလုံး(အထူးသဖြင့် သွေးဝမ်းသွားသူ)အတွက် အာဟာရပြည့်ဝဖို့အရေးကြီးပါတယ်။ 

▪️တစ်ခါတည်းအများကြီးထက် နည်းနည်းစီ အကြိမ်များများကျွေးပါ။ 

▪️လူနာက အစားစားနိုင်တယ်ဆိုတာနဲ့ ကျွေးပါ။ 

▪️နို့စို့ကလေးဆိုရင်လည်း နို့ဆက်တိုက်ပါ။ 

ကူးစက်ဝမ်းရောဂါတွေက မသန့်ရှင်းတဲ့ရေ၊ အစားအသောက်၊ ညစ်ပတ်တဲ့လက်၊ လူနာရဲ့အညစ်အကြေးကနေတဆင့် ကူးစက်တာမို့ သတိပြုဆင်ခြင်နိုင်အောင် မျှဝေလိုက်ရပါတယ်။ 

Share Now: