ထိန်းချုပ်မရတဲ့ အတွေးတွေ၊ စိတ်ခံစားချက်တွေနဲ့ နေ့စဥ်ရုန်းကန်နေရပါသလား❓
ဒါဆို သင်ဟာ စိတ်ပညာရှင်နဲ့တွေ့ကြည့်ဖို့ လိုအပ်နေတာဖြစ်နိုင်ပါတယ်။ တခါတရံမှာ ကျွန်ုပ်တို့ဟာ အကူအညီလိုအပ်နေကြောင်းကိုဝန်ခံဖို့ တွန့်ဆုတ်နေတတ်ကြပါတယ်။ ဒါဟာ စိတ်ကျန်းမာရေးအတွက် အလွန်အန္တရာယ်များပါတယ်။
သင့်အနေနဲ့ အောက်ပါအခြေအနေတွေ ကြုံနေရပြီဆိုရင်တော့ စိတ်ပညာရှင်နဲ့ ပြသသင့်နေပါပြီ။
🔲 အပြောင်းအလဲတစ်ခုကို ကြုံရခြင်း
ဘဝမှာ ကြီးမားတဲ့အပြောင်းအလဲတစ်ခု (ဥပမာ – အလုပ်အသစ်ပြောင်းခြင်း) ကြုံရပြီးနောက် စိတ်မပျော်ရွှင်မှု၊ စိတ်ဖိစီးမှုတွေ ခံစားလာရတယ်ဆိုရင် စိတ်ပညာရှင်နဲ့ စကားပြောသင့်ပါတယ်။ သူတို့က သင်ဘာကြောင့်ဒီလိုခံစားရတာလဲကို အဖြေရှာပြီး အကြံဉာဏ်ပေးနိုင်ပါတယ်။
🔲 သင့်ကိုယ်သင် မယုံကြည်ခြင်း/ အကောင်းမမြင်ခြင်း
တခါတလေ ဘဝမှာ စိတ်မပျော်တာ၊ စိတ်အားငယ်တာ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတာတွေက ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ မကြာခဏ အမြဲလိုလိုဖြစ်နေရင်တော့ ဒါဟာ သတိပြုစရာဖြစ်နေပါပြီ။ ဘဝဆိုတာ အတက်အကျရှိတယ်ဆိုပေမဲ့ ဘာပဲလုပ်လုပ် မိမိကိုယ်မိမိယုံကြည်မှုမရှိဘဲ ကြောက်ရွံ့နေတယ်ဆိုရင်တော့ သင်ဟာ တစ်စုံတစ်ယောက်ရဲ့ အကူအညီလိုအပ်နေပါပြီ။
🔲 သင့်ကိုယ်သင် ထိခိုက်နာကျင်အောင် ပြုလုပ်လိုခြင်း
ပြဿနာတွေအတွက် ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေရှိနေတာတောင် သင့်ကိုယ်သင် အဖိုးမတန်ဘူး/ အရေးမပါဘူးလို့ခံစားရပြီး ကိုယ့်ကိုယ်ကိုယ်နာကျင်အောင်လုပ်ချင်တဲ့ အတွေးပဲတွေးနေမိပြီလား။ ဟုတ်တယ်ဆိုရင်တော့ ဒါဟာ အရေးကြီးတဲ့လက္ခဏာတစ်ခုဖြစ်တာမို့ စိတ်ပညာရှင်နဲ့ ချက်ချင်းဆွေးနွေးတိုင်ပင်ပါ။
🔲 သမီးရည်းစား၊ မိသားစု၊ မိတ်ဆွေ ပေါင်းသင်းဆက်ဆံရေးတွေမှာ အခက်အခဲရှိခြင်း
Relationship ဆိုတာ အင်မတန် သိမ်မွေ့နူးညံ့ပါတယ်။ ဘယ် Relationship မဆို မျှတပြီး ကောင်းမွန်တဲ့ဆက်ဆံရေးရှိဖို့ သိပ်အရေးကြီးပါတယ်။ မိဘနဲ့သားသမီး၊ သမီးရည်းစားအိမ်ထောင်ဖက် အစရှိတဲ့ဆက်ဆံရေးတွေမှာ ပြဿနာအဖုအထစ်တွေရှိလာပြီး မဖြေရှင်းနိုင်ဖြစ်တဲ့အခါ စိတ်ပညာရှင်နဲ့ တွေ့ဆုံစကားပြောပြီး အကူအညီရယူသင့်ပါတယ်။
🔲 စိတ်ခံစားချက်ကို ကောင်းစွာမထိန်းချုပ်နိုင်ခြင်း
တခါတလေ လူတွေမှာ ငိုချင်နေပေမယ့် ငိုလို့မရတဲ့အချိန်တွေရှိမယ်။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုစတဲ့ ဘာခံစားချက်မှမရှိတော့ဘဲ လုံးဝတိတ်ဆိတ်သွားတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ခံစားချက်တွေကို ထိန်းချုပ်လို့မရတာ/ လုံးဝကို စိတ်နှလုံးကျိုးကြေတာမျိုး ကြုံရတတ်ပါတယ်။ သင့်ကိုယ်သင် ဘယ်လောက်ပဲ သန်မာချင်ယောင်ဆောင်ဆောင် အတွင်းစိတ်ထဲမှာ ဘာဖြစ်နေလဲဆိုတာ သင်ကိုယ်တိုင်သိတာမို့ ဒီလိုအခြေအနေမျိုးမှာဆိုရင် စိတ်ပညာရှင်နဲ့ ဆွေးနွေးအဖြေရှာပါ။
🔲 လူတွေနဲ့ မတွေ့လိုတော့ခြင်း
အရင်က လူတွေနဲ့အတူရှိရတာ၊ မိမိဝါသနာပါရာကိုလုပ်ရတာ နှစ်သက်ခဲ့ပေမဲ့ အခုအချိန်မှာ ဒါတွေကိုမကြိုက်တော့ဘူးဆိုရင် ဒါက စိတ်ပျော်ရွှင်မှုမရှိခြင်းကို ပြသနေတာ ဖြစ်နိုင်ပါတယ်။
🔲 အလုပ်၊ ကျောင်းမှာ အရင်လိုအဆင်မပြေတော့ခြင်း
စိတ်ပိုင်းဆိုင်ရာ အခက်အခဲ၊ ပြဿနာတွေက လူတစ်ယောက်ရဲ့ အာရုံစူးစိုက်မှု၊ လုပ်ဆောင်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိပါတယ်။ တခါတလေ အလုပ်၊ ကျောင်းစာမှာ စိတ်မပါတာဖြစ်တတ်ပေမဲ့ နေ့စဉ်ရက်ဆက် အမြဲလိုလိုဖြစ်နေရင်တော့ ဒါဟာစဉ်းစားစရာပါ။ အထူးသဖြင့် ရုတ်တရက်ကြီးဖြစ်လာပြီး သင့်ကိုယ်သင် ဘာမှမလုပ်နိုင်တော့ဘူးခံစားလာရရင်၊ ဘေးနားက လူတွေလည်းရိပ်မိတဲ့အထိ ဖြစ်လာပြီဆိုရင် စိတ်ပညာရှင်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။
🔲 ဆိုးရွားတဲ့စိတ်ဒဏ်ရာကို ခံစားနေရခြင်း
အတိတ်မှာကြုံခဲ့ရတဲ့ နာကျင်စရာအဖြစ်အပျက်တွေက လူတစ်ယောက်ကို ကာလကြာရှည်တဲ့အထိ စိတ်အနာတရဖြစ်စေနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေတဲ့ ဒီစိတ်ဒဏ်ရာတွေဟာ ရင်ဆိုင်ရတာ မလွယ်ကူလို့ စိတ်ကျတတ်ပါတယ်။ စိတ်ပညာရှင်နဲ့တွေ့ဆုံဆွေးနွေးခြင်းက ဒီစိတ်ဒဏ်ရာတွေကို ရင်ဆိုင်ကျော်လွှားရာမှာ အထောက်အကူများစွာဖြစ်စေပါတယ်။
🔲 အိပ်စက်၊ စားသောက်ပုံ မမှန်ကန်ခြင်း
အရင်လိုမဟုတ်ဘဲ အိပ်တဲ့၊ စားသောက်တဲ့ အလေ့အကျင့်ပြောင်းလဲခြင်းကလည်း စိတ်ပညာရှင်နဲ့ဆွေးနွေးသင့်တဲ့ အချက်တစ်ခုဖြစ်နိုင်ပါတယ်။ တခါတလေ အလုပ်ကြောင့်၊ စိတ်ညစ်စရာတွေကြောင့် ဖြစ်တာမျိုးကအရေးမကြီးပေမဲ့ မကြာခဏဖြစ်လာမယ်၊ ဝမ်းနည်းမှု/ဖိစီးမှု/စိတ်ဖိအားတွေပါ ခံစားနေရပြီဆိုရင် စိတ်ပညာရှင်နဲ့ တိုင်ပင်သင့်ပါတယ်။
🔲 မူးယစ်သေစာ အသုံးပြုနေခြင်း
မူးယစ်ဆေး၊ အရက်၊ စိတ်ကိုပြောင်းလဲစေတဲ့အရာတွေကို စွဲလန်းခြင်းက ဘယ်သူ့ကိုမဆို ဒုက္ခပေးပါတယ်။ ဒါတွေက လူတစ်ယောက်ရဲ့ ဘဝကိုဟန်ချက်ပျက်တိမ်းစောင်းအောင် လုပ်နိုင်ပါတယ်။ တကယ်လို့ သင်က ဒါတွေကိုစွဲလန်းနေပြီး ဒီစွဲလန်းမှုကနေ ရုန်းထွက်ချင်နေပြီဆိုရင် စိတ်ပညာရှင်နဲ့ ဆွေးနွေးအကြံဉာဏ်ရယူသင့်ပါတယ်။ စွဲလန်းမှုတွေကနေ လွတ်မြောက်ပြီး ပုံမှန်ဘဝကိုပြန်ရောက်အောင် ကူညီပေးနိုင်ပါတယ်။
အထက်ဖော်ပြပါ အရေးကြီးတဲ့အချက်တွေကို သင် (သို့) သင်ချစ်ရသူတစ်ဦးဦး တွေ့ကြုံခံစားနေရပြီဆိုရင်တော့ ကျွမ်းကျင်စိတ်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးဖို့သင့်ပါတယ်။

