AMI Life News

အရိုးအဆစ်နာကျင်မှုအကြောင်းသိကောင်းစရာ

အရိုးအဆစ်နာကျင်မှုဆိုတာ အဖြစ်များတဲ့ဝေဒနာတစ်ခုဖြစ်ပြီး အများအားဖြင့် လက်၊ ခြေထောက်၊ ပေါင်၊ ဒူး၊ ကျောရိုးတွေမှာ ဖြစ်တတ်ပါတယ်။ နာကျင်မှုက တောက်လျှောက်လည်းဖြစ်နိုင်ရှိသလို နာလိုက်ပျောက်လိုက်လည်းရှိပါတယ်။ တချို့လူတွေမှာ အဆစ်အမြစ်တောင့်တင်းတာ၊ ကိုက်ခဲတာခံစားရပြီး တချို့မှာတော့ မီးစနဲ့ထိုးသလိုပူတာ၊ ထိုးထိုးပြီးနာတာ၊ အထဲမှာ တစ်ခုခုပွတ်တိုက်နေသလိုခံစားရတာမျိုးတွေ ဖြစ်ပါတယ်။ ဒါ့အပြင် မနက်ခင်းမှာ အဆစ်တွေတောင့်တင်းနေပြီး လှုပ်ရင်းရှားရင်းနဲ့မှ သက်သာလာတာမျိုးလည်းရှိပါတယ်။

အရိုးအဆစ်နာစေတဲ့ အကြောင်းအရင်းများစွာရှိတဲ့အထဲက တချို့ကတော့ …

🌀 အရိုးနှစ်ခုကြားရှိ အရိုးနုပျက်စီးလာလို့ဖြစ်တဲ့ အဆစ်ရောင်ရောဂါ

🌀 ကိုယ်ခံအားစနစ်က မှားယွင်းပြီး အရိုးအဆစ်တွေကိုတိုက်ခိုက်လို့ ရောင်ရမ်းနာကျင်မှုတွေဖြစ်တဲ့ လေးဘက်နာအဆစ်ရောင်ရောဂါ

🌀 အဆစ်တွေကြားမှာ(အထူးသဖြင့် ခြေမမှာ) ကျောက်လေးတွေစုလာလို့ ရောင်ရမ်းနာကျင်တဲ့ဂေါက်ရောဂါ

🌀 အရိုးအဆစ်ကို အသုံးပြုပါများပြီး အဆစ်နားမှာရှိတဲ့ အရည်အိတ်ထိခိုက်ရောင်ရမ်းမှု

🌀 ဗိုင်းရပ်စ်ကူးစက်မှု၊ ဖျားနာမှု

🌀 ကြွက်သားနဲ့အရိုးကိုတွယ်ဆက်ထားတဲ့ အရွတ်ရောင်ခြင်းစတာတွေဖြစ်ပါတယ်။

ဘယ်လိုလူတွေမှာ အရိုးအဆစ်နာကျင်မှုအဖြစ်များလဲဆိုရင် …

🔹အရင်က အဆစ်မှာထိခိုက်ဒဏ်ရာရဖူးသူ

🔹ကြွက်သား၊ အရိုးအဆစ်ကို အသုံးပြုများသူ

🔹အဆစ်ရောင်ရောဂါ၊ နာတာရှည်ကျန်းမာရေးပြဿနာရှိသူ

🔹စိတ်ကျသူ၊ စိတ်ဖိစီးမှုများသူ

🔹ကိုယ်အလေးချိန်များသူ

🔹ကျန်းမာရေးမကောင်းသူတွေ

🔹အသက်ကြီးတဲ့သူတွေက ပိုဖြစ်နိုင်ခြေများပါတယ်။

နာကျင်မှုသက်သာအောင် ဘယ်လိုလုပ်ရမလဲ❓

နာကျင်မှုမှန်သမျှ လုံးဝအရှင်းပျောက်သွားအောင် ကုသလို့ရချင်မှရမယ်ဆိုပေမဲ့ သက်သာအောင်၊ နေလို့အဆင်ပြေအောင် လုပ်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ အကိုက်အခဲပျောက်ဆေးသောက်ပြီး ပျောက်သွားနိုင်သလို ရိုးရှင်းတဲ့လေ့ကျင့်ခန်း နေ့တိုင်းလုပ်ပြီးကောင်းသွားတာလည်းရှိပါတယ်။ တခါတလေမှာတော့ ဆရာဝန်နဲ့ပြမှ၊ ခွဲစိတ်မှုလုပ်မှ ဝေဒနာသက်သာတတ်ပါတယ်။

အရိုးအဆစ်နာကျင်ရင် …

  • လေ့ကျင့်ခန်းပြုလုပ်ခြင်း
  • ဆေးသောက်ခြင်း
  • အပူ (သို့) အအေးကပ်ခြင်း၊ ရေ‌နွေးနဲ့ရေချိုးခြင်း
  • ကိုယ်အလေးချိန်လျှော့ချခြင်း
  • လိမ်းဆေးလူးခြင်း
  • ဆရာဝန်နဲ့တိုင်ပင်ပြီး ဖြည့်စွက်စာသောက်သုံးခြင်းစတာတွေနဲ့ သက်သာအောင်ပြုလုပ်နိုင်ပါတယ်။

ဒါမှမသက်သာဘူးဆိုရင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း …

  • အထောက်အကူပစ္စည်းတွေ ဝတ်ဆင်အသုံးပြုခြင်း
  • လေ့ကျင့်ခန်းကုသမှုခံယူခြင်း
  • ညအိပ်ပျော်အောင် ဆေးသောက်ခြင်း
  • နာကျင်မှုယာယီသက်သာအောင် စတီးရွိုက်ထိုးခြင်း
  • အကိုက်အခဲပျောက်ဆေးသောက်ခြင်းဖြင့် နာကျင်မှုကိုလျှော့ချနိုင်ပါတယ်။

ဒါမှအဆင်မပြေသေးဘူးဆိုရင်တော့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး ခွဲစိတ်တာ၊ အစားထိုးတာတွေပြုလုပ်ဖို့လိုအပ်နိုင်ပါတယ်။

သင့်အနေနဲ့ …

🔺 အရိုးအဆစ်နာကျင်မှုနဲ့အတူ အဖျားရှိခြင်း

🔺 အကြောင်းမဲ့ ကိုယ်အလေးချိန် ၁၀ ပေါင်နဲ့အထက်ကျခြင်း

🔺 ပုံမှန်အတိုင်း မလှုပ်ရှားနိုင်ခြင်း

🔺 အဆစ်နေရာမှာ နီခြင်း၊ ပူခြင်း၊ ရောင်ခြင်းတွေကြုံရတဲ့အခါမှာတော့ ဆရာဝန်နဲ့ပြသဖို့ အရေးကြီးကြောင်း မျှဝေလိုက်ပါတယ်။

Reference:

https://my.clevelandclinic.org/health/symptoms/17752-joint-pain

Share Now: