Search
Close this search box.
Search
Close this search box.
Search
Close this search box.

AMI Life News

တစ်နေ့ကို ကော်ဖီဘယ်လောက်သောက်သင့်လဲ

မနက်အိပ်ရာထရင် (သို့) မနက်အလုပ်ကိုရောက်ရင် ကော်ဖီတစ်ခွက်သောက်လိုက်ရမှ လူက လန်းဆန်းပြီးနေလို့ကောင်းသွားတယ်ဆိုရင် ဒါကသင်တစ်ယောက်တည်းမဟုတ်ပါဘူး။ ကမ္ဘာတဝှမ်းရှိ လူသန်းပေါင်းများစွာဟာ အာရုံစူးစိုက်မှုကောင်းဖို့၊ တက်ကြွလန်းဆန်းဖို့ဆိုပြီး ကော်ဖီကိုသောက်သုံးနေကြပါတယ်။ ဒါပေမဲ့လည်း ဘယ်လောက်ကောင်းတဲ့အရာဖြစ်ဖြစ် “ တန်‌ရင်ဆေး၊ လွန်ရင်ဘေး” မို့ တစ်နေ့ကို ကော်ဖီဘယ်လောက်သောက်သင့်လဲ သိထားဖို့လိုအပ်ပါတယ်။

☕ ကဖင်းပမာဏဘယ်လောက်ဆိုရင် ဘေးကင်းလဲ

ကျွမ်းကျင်ပညာရှင်တွေပြောကြားချက်အရ တစ်နေ့ကို ကဖင်း 400 mg က အရွယ်ရောက်ပြီးသူအများစုအတွက် ဘေးကင်းတယ်လို့ဆိုပါတယ်။ ယေဘုယျအားဖြင့် နှပ်ကော်ဖီ 240 ml တစ်ခွက်မှာ ကဖင်း 100 mg ခန့်ပါဝင်လို့ တစ်နေ့ကို ကော်ဖီ ၄-၅ ခွက်လောက်ဆိုရင် ကျန်းမာရေးအတွက် ဘေးကင်းပါတယ်။ တစ်ခုသတိပြုရမှာက ကဖင်းဓာတ်က ကော်ဖီမှာသာမဟုတ်ဘဲ လက်ဖက်ရည်၊ အချိုရည်စတဲ့ တချို့အစားအသောက်တွေမှာပါဝင်နေတတ်ပါတယ်။

☕ ကဖင်းက လူတိုင်းနဲ့တည့်လား

ကဖင်းက အရွယ်ရောက်ပြီးသူအများစုအတွက် ဘေးကင်းပေမဲ့ ကလေးတွေတော့ မသောက်သင့်ပါဘူး။ နောက်ပြီး တစ်ယောက်နဲ့တစ်ယောက် ခံနိုင်ရည်ချင်းမတူလို့ တချို့က ညဘက်ကော်ဖီသောက်ပြီး ချက်ချင်းအိပ်ပျော်ပေမဲ့ တချို့ကတော့ တော်ရုံနဲ့အိပ်မပျော်ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်တွေမှာလည်း ဆရာဝန်နဲ့တိုင်ပင်ပြီး ချင့်ချိန်‌လျှော့သောက်ဖို့လိုပါတယ်။

တချို့ဆေးတွေ၊ အားဆေးတွေကလည်း ‌ကဖင်းနဲ့ဓာတ်ပြုတတ်လို့ ဆေးသောက်နေရတယ်ဆိုရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။

☕ ကော်ဖီလျှော့သောက်ဖို့ လိုအပ်တဲ့လက္ခဏာများ

အောက်ပါလက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ကော်ဖီကိုလျှော့သောက်သင့်ပါပြီ။ ▪️ခေါင်းကိုက်ခြင်း 

▪️ညအိပ်မပျော်ခြင်း 

▪️ရင်တုန်ခြင်း 

▪️စိတ်ဆတ်ခြင်း 

▪️မကြာခဏဆီးသွားခြင်း 

▪️တုန်တုန်ရီရီဖြစ်ခြင်း စတာတွေခံစားလာရရင် ကော်ဖီကိုလျှော့သောက်ဖို့ လိုအပ်နေပါပြီ။

☕ ကဖင်းကို ဘယ်လိုလျှော့ချမလဲ

ကော်ဖီသောက်တဲ့ပမာဏကို လျှော့ချတာက အလွယ်ကူကြီးမဟုတ်ပေမဲ့ မဖြစ်နိုင်အောင် ခက်ခဲတာတော့မဟုတ်ပါဘူး။ အောက်ပါနည်းလမ်းတွေနဲ့ ကြိုးစားကြည့်နိုင်ပါတယ်။

▪️ကော်ဖီအပြင် ကဖင်းပါဝင်နိုင်တဲ့ တခြားအစားအသောက်တွေကို သတိပြုဆင်ခြင်စားသုံးပါ။

▪️ဖြည်းဖြည်းချင်းလျှော့ချပါ။ တစ်ခွက်လျှော့သောက်တာ၊ ခွက်အသေးနဲ့သောက်တာမျိုးနဲ့ စတင်ပါ။

▪️ကဖင်းဓာတ်လျှော့ထားတာကို ‌ရွေးချယ်ပါ။

▪️အကြာကြီးမနှပ်ပါနဲ့။

▪️Tea ဆိုရင်လည်း ကဖင်းမပါဝင်တဲ့ Herbal Tea ကိုရွေးချယ်ပါ။

ကဖင်းဆိုတာ လူအများစုအတွက် နေ့စဉ်မရှိမဖြစ်တဲ့အရာဆိုပေမဲ့လည်း ဖြစ်နိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကို သိထားသင့်ပြီး လိုအပ်လာရင်လည်း လျှော့သောက်နိုင်ဖို့ အရေးကြီးပါတယ်။ ကော်ဖီရဲ့အကျိုးကျေးဇူးကို အပြည့်အဝရချင်ရင် အသင့်အတင့်သောက်သုံးဖို့ ဘယ်တော့မှ မမေ့ပါနဲ့။

Share Now: