Search
Close this search box.
Search
Close this search box.

AMI Life News

ညစ်ပတ်တဲ့ရေကကူးစက်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ Leptospirosis(လပ်တိုစပိုင်ရိုးဆစ်)

မိုးတွင်းရေကြီးတဲ့အခါမှာ မသန့်ရှင်းတဲ့ရေတွေနဲ့ ထိတွေ့မိဖို့အခွင့်အလမ်းက သိပ်များပါတယ်။ ဒါကြောင့် ဒီနေ့တော့ ညစ်ပတ်တဲ့ရေမှာ တွေ့ရတတ်တဲ့ဘက်တီးရီးယား Leptospira(လပ်တိုစပိုင်ရာ)ကြောင့်ဖြစ်ပွားတဲ့ Leptospirosis(လပ်တိုစပိုင်ရိုးဆစ်)ရောဂါအကြောင်းကို သတိထားနိုင်အောင် မျှဝေသွားပါမယ်။ 

ဒီဘက်တီးရီးယားဟာဆိုရင် ရောဂါကူးစက်ခံရတဲ့တိရစ္ဆာန်တွေရဲ့ဆီး(သေး)ကတဆင့် ကူးစက်ပြန့်ပွားပါတယ်။ ဒီပိုးက ရေ (သို့) မြေကြီးမှာ တစ်ပတ်ဆယ်ရက်ကနေ လနဲ့ချီပြီး ရှင်သန်နိုင်ပါတယ်။ မွေးမြူရေးတိရစ္ဆာန်တွေနဲ့ ခွေး၊ ကြောင်၊ ကြွက်တွေက ဒီရောဂါပိုးကိုသယ်ဆောင်ကြပါတယ်။ 

◾ကူးစက်ပုံ 

▪️ရောဂါပိုးရှိတဲ့တိရစ္ဆာန်ရဲ့ ဆီး (သို့) ခန္ဓာကိုယ်ထွက်တဲ့အရည်နဲ့ တိုက်ရိုက်ထိမိခြင်း 

▪️အဲ့ဒီဆီးနဲ့အရည်ပေကျံနေတဲ့ ရေ/ မြေကြီးနဲ့ ထိတွေ့ခြင်း (သို့) အစားအစာ၊ ရေကို သောက်သုံးမိခြင်းကြောင့် ကူးစက်နိုင်ပါတယ်။ 

◾ရောဂါလက္ခဏာ 

Leptospirosis(လပ်တိုစပိုင်ရိုးဆစ်)ရောဂါက လူမှာ လက္ခဏာအမျိုးမျိုးပြနိုင်ပါတယ်။ 

▪️ဖျားခြင်း 

▪️ခေါင်းကိုက်ခြင်း 

▪️ချမ်းတုန်ခြင်း 

▪️ကိုယ်လက်ကိုက်ခဲခြင်း 

▪️ပျို့ခြင်း/ အန်ခြင်း 

▪️မျက်စိနဲ့ အသားဝါခြင်း 

▪️မျက်လုံးနီခြင်း 

‌▪️ဗိုက်အောင့်ခြင်း 

▪️ဝမ်းလျှောခြင်း 

▪️အနီစက်ထွက်ခြင်းစတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေဟာ တခြားရောဂါနဲ့လည်းမှားနိုင်ပါတယ်။ ဘာလက္ခဏာမှ မပြကြတဲ့သူတချို့လည်း ရှိပါတယ်။ 

ယေဘုယျအားဖြင့်တော့ ရောဂါပိုးကူးစက်ပြီး ၂ – ၃၀ ရက်အတွင်း လက္ခဏာပြတတ်ပါတယ်။ ဒီရောဂါမှာဆိုရင် အဆင့် ၂ ဆင့်ရှိပါတယ်။ 

▪️ပထမအဆင့်မှာ လူက ဖျားတာ၊ ချမ်းတုန်တာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနာတာ၊ အန်တာ (သို့) ဝမ်းလျှောတာတွေ ဖြစ်နိုင်ပါတယ်။ ပြီးရင် ခဏလောက်သက်သာသွားသလိုခံစားရပြီး နောက်တစ်ခါ ထပ်ဖြစ်ပါလိမ့်မယ်။ 

▪️တချို့လူတွေကတော့ ကံဆိုးစွာနဲ့ပဲ ပိုပြင်းထန်တဲ့ဒုတိယအဆင့်ကို ရောက်သွားကြပါတယ်။ ဒီအဆင့်မှာဆိုရင် ကျောက်ကပ်ပျက်တာ၊ အသည်းထိတာ၊ ဦးနှောက်အမြှေးရောင်တာတွေ ဖြစ်နိုင်ပါတယ်။ 

နေမကောင်းဖျားနာတာက ရက်အနည်းကနေ သုံးလေးပတ်လောက်အထိကြာတတ်ပါတယ်။ ဆေးမကုသရင်တော့ ပြန်ကောင်းဖို့ သုံးလေးလလောက်ကြာသွားနိုင်ပါတယ်။ 

◾ကာကွယ်ခြင်း 

ရောဂါကူးစက်နိုင်ခြေကို လျှော့ချဖို့အတွက် … 

▪️ညစ်ပတ်တဲ့ရေထဲ (အထူးသဖြင့် မုန်တိုင်း၊ မိုးကြီးခြင်း၊ ရေကြီးခြင်းတွေ ဖြစ်ပြီးနောက်) မဆင်းပါနဲ့။ 

▪️ရောဂါရှိနေနိုင်တဲ့ တိရစ္ဆာန်တွေနဲ့ မထိတွေ့ပါနဲ့။ 

▪️ကိုယ်မှာ ပေါက်ပြဲဒဏ်ရာ၊ အနာတွေရှိရင် ရေစိုခံပလာစတာကပ်ထားပါ။ 

▪️ရေကြီးတဲ့နေရာမှာဆိုရင်လည်း အတတ်နိုင်ဆုံးရေနဲ့မထိအောင် လည်ရှည်ဖိနပ်၊ အကာအကွယ်အဝတ်အစားတွေ ဝတ်ဆင်ပါ။ 

ကမ္ဘာမှာ နှစ်တိုင်း လူ ၁ သန်းလောက်က Leptospirosis(လပ်တိုစပိုင်ရိုးဆစ်)ရောဂါဖြစ်ပွားပြီး လူ ၆ သောင်းနီးပါးက အသက်သေဆုံးကြရပါတယ်။ ကုသမှုသာမခံယူဘူးဆိုရင် ဒီရောဂါက ကျောက်ကပ်၊ အသည်းပျက်စီးခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ သေဆုံးခြင်းတွေအထိဖြစ်နိုင်တာမို့ ရောဂါသံသယရှိရင် ဆရာဝန်နဲ့ချက်ချင်းပြသဖို့ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။ 

Share Now: