ဆောင်းရာသီရောက်ရင် လူတွေဟာ အပူချိန်ပြောင်းလဲတာတစ်ခုပဲ ခံစားရတာမဟုတ်ပါဘူး။ လေအေးတွေကြောင့် လေထုဖိအားကျတဲ့အခါမှာ မျက်လုံး၊ နှာခေါင်း၊ နဖူးတဝိုက်မှာ ခပ်တင်းတင်းနဲ့ မသက်မသာဖြစ်တာ၊ နားကိုက်တာတွေ ဖြစ်နိုင်ပါတယ်။ လေအေးက အစိုဓာတ်မရှိဘဲ ခြောက်သွေ့ရင် ခေါင်းကိုက်တာက ပိုတောင်ဆိုးနိုင်ပါတယ်။
တကယ်လို့ သင်က ဆောင်းရာသီရောက်တိုင်း ခေါင်းကိုက်တာပိုဖြစ်လွယ်တယ်ဆိုရင်တော့ အောက်ပါနည်းလမ်းတွေနဲ့ သက်သာအောင်ပြုလုပ်နိုင်ပါတယ်။
✅ ကျန်းမာစွာ စားသောက်ပါ
ပြည့်ဝမျှတတဲ့အစားအသောက်က ခန္ဓာကိုယ်ကိုကျန်းမာစေလို့ ရာသီဥတုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်းမျိုးကို သက်သာစေနိုင်ပါတယ်။ အသီးအနှံတွေ၊ ပရိုတင်းတွေက ခေါင်းကိုက်နိုင်ခြေကိုလျော့နည်းသက်သာစေပါတယ်။ ပူပူနွေးနွေးစွပ်ပြုတ်လေးတွေကလည်း သင့်ကိုပိုပြီး နေလို့ထိုင်လို့ကောင်းစေပါတယ်။
✅ ရေဓာတ်ပြည့်ဝအောင်နေပါ
ဦးနှောက်ရဲ့ လေးပုံသုံးပုံက ရေနဲ့ဖွဲ့စည်းထားတာပါ။ ရေဓာတ်နည်းတဲ့အခါ ဦးနှောက်က ဟစ်စတမင်း(Histamine) ထုတ်လို့ ခေါင်းကိုက်တာ၊ အားမရှိတာတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက်က Histamine ထုတ်တာကိုတားဆီးဖို့ တစ်နေ့ အနည်းဆုံး ရေရှစ်ခွက်သောက်သုံးဖို့လိုပါတယ်။
✅ စိတ်ဖိစီးမှုနည်းအောင် နေထိုင်ပါ
လူ့ဘဝဆိုတာ စိတ်ဖိစီးစရာတွေရှိတယ်ဆိုပေမဲ့လည်း သင့်ရဲ့တုံ့ပြန်မှုက သင့်ကျန်းမာရေးအပေါ် များစွာအကျိုးသက်ရောက်ပါတယ်။ အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို ခွဲခြားအချိန်ပေးတတ်တဲ့ ဟန်ချက်ညီတဲ့ဘဝက စိတ်ဖိစီးမှုလျော့နည်းပြီး ကျန်းမာပျော်ရွှင်စေပါတယ်။
✅ လုံလောက်အောင် အနားယူပါ
အိပ်စက်တယ်ဆိုတာ သင့်ခန္ဓာကိုယ်နဲ့စိတ်က နောက်တစ်နေ့အတွက် အားပြန်ဖြည့်ခြင်းဖြစ်ပါတယ်။ သေချာအနားမယူရင် ခွန်အားယုတ်လျော့ပြီး မှတ်ဉာဏ်လည်းထိခိုက်နိုင်ပါတယ်။ တစ်နေ့ကို ၇-၈ နာရီပြည့်အောင် အိပ်စက်ပါ။ လုံလောက်စွာအနားယူမှသာ ခေါင်းကိုက်ဝေဒနာကို အကောင်းဆုံးတိုက်ထုတ်နိုင်မှာပါ။
✅ ဆေးအများကြီး မသောက်ပါနဲ့
International Headache Society ပြောကြားချက်အရ ခေါင်းကိုက်ပျောက်ဆေးကို တစ်ပတ်နှစ်ကြိမ်ထက်ပိုသောက်တာက ဆေးကြောင့်ခေါင်းကိုက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ခေါင်းကိုက်ပျောက်ဆေး မကြာခဏသောက်ခြင်းက ခေါင်းကိုက်ဝေဒနာကိုပိုဆိုးစေပြီး ပိုဖြစ်စေပါတယ်။ ဒီလိုနဲ့ ခေါင်းကိုက်သံသရာ လည်တတ်ပါတယ်။
✅ ခေါင်းကိုက်မှတ်တမ်းထားပါ
သင်ခေါင်းကိုက်တာက ရာသီဥတုကြောင့်လို့ သံသယရှိရင် နေ့စဉ်မှတ်တမ်းထားပြီး ရေးမှတ်အဖြေရှာကြည့်ပါ။
နေ့စဉ်မှတ်တမ်းထဲမှာ :
▪️ခေါင်းကိုက်တဲ့ နေ့နဲ့အချိန်
▪️ခေါင်းကိုက်တဲ့ ကြာချိန်
▪️ခေါင်းကိုက်တဲ့ လက္ခဏာ
▪️ခေါင်းကိုက်တာ ပိုသက်သာ/ပိုဆိုးစေတဲ့အရာ
▪️စားသောက်တဲ့ အစားအသောက်
▪️သောက်သုံးတဲ့ ရေပမာဏ
▪️ရာသီဥတုအပြောင်းအလဲတွေရေးမှတ်ပါ။
ခေါင်းကိုက်မှတ်တမ်းကို ၁-၃ လလောက် ရေးမှတ်ပြီးရင် ဘယ်လိုမျိုးခေါင်းကိုက်တတ်တာလဲ၊ ရာသီဥတုနဲ့သက်ဆိုင်သလား သိလာနိုင်ပါတယ်။ နောက်ပြီး ဆရာဝန်နဲ့ပြသဆွေးနွေးတဲ့အခါမှာလည်း အထောက်အကူပေးနိုင်ကြောင်း ရေးသားမျှဝေလိုက်ပါတယ်။