AMI Life News

အချိုရည်နေ့တိုင်းသောက်ရင် ဘာဖြစ်နိုင်သလဲ

အာဟာရတန်ဖိုး မရှိသလောက်နည်းပြီး သကြားတွေပါဝင်တဲ့အချိုရည်မျိုးစုံက ဒီနေ့ခေတ်မှာဆိုရင် အခြေခံအစားအစာတစ်ခုလိုတောင် ဖြစ်လာနေပါပြီ။ ဆန်စပါး၊ အသားငါး၊ ဟင်းသီးဟင်းရွက်တို့လိုမျိုး နေ့စဉ်လိုအပ်တဲ့အာဟာရကိုမပေးနိုင်တဲ့ ဒီအချိုရည်တွေကို ပုံမှန်သောက်သုံးနေတာက တကယ်တော့ ကျန်းမာရေးအ‌န္တရာယ်များလှပါတယ်။ ဒီနေ့မှာတော့ အချိုရည်နေ့တိုင်းသောက်တာက သင့်ကျန်းမာရေးကို ဘယ်လိုထိခိုက်စေလဲဆိုတာ မျှဝေသွားချင်ပါတယ်။

Soda ၊ Juice ၊ အားဖြည့်အချိုရည်၊ သကြားပါတဲ့ ကော်ဖီ၊လက်ဖက်ရည်စတဲ့ အချိုရည်အမျိုးမျိုးကို နေ့စဉ်သောက်သုံးရင် ဖြစ်လာနိုင်တဲ့ကျန်းမာရေးဆိုးကျိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

🧃ကိုယ်အလေးချိန်တက်ခြင်း၊ အဝလွန်ခြင်း – အချိုရည်မှာပါဝင်တဲ့သကြားက အစားအစာကရတဲ့သကြားဓာတ်လို ဗိုက်ပြည့်တင်းတိမ်တာမျိုးမဖြစ်စေတဲ့အပြင် ကယ်လိုရီလည်းများလို့ အဝလွယ်စေတယ်။

🧃 ဆီးချိုဖြစ်နိုင်ခြေများခြင်း – အချိုရည်မှာပါတဲ့ မြင့်မားတဲ့သကြားပမာဏက ခန္ဓာကိုယ်ရဲ့သကြားအပေါ်ထိန်းချုပ်နိုင်စွမ်းကို လျော့ကျစေလို့ ဆီးချိုဖြစ်ဖို့အလားအလာပိုများလာပါတယ်။

🧃 သွားပြဿနာဖြစ်ခြင်း – အချိုရည်တွေမှာပါဝင်တဲ့ သကြားနဲ့ အချဉ်ဓာတ်က သွားကြွေလွှာကိုတိုက်စားပြီး သွားပြဿနာတွေဖြစ်စေတယ်။

🧃 နှလုံးရောဂါ – အချိုရည်တွေက သွေးတွင်းသကြားနဲ့ မကောင်းတဲ့အဆီဓာတ်ကို မြင့်မားစေလို့ နှလုံးရောဂါဖြစ်စေနိုင်ပါတယ်။

🧃 အသည်းအဆီဖုံးခြင်း – ပိုလျှံလာတဲ့သကြားဓာတ်တွေကို အသည်းကအဆီအဖြစ်ပြောင်းလဲပစ်ပြီး ကြာတဲ့အခါ အသည်းမှာအဆီတွေစုလာပါတယ်။

🧃 ဂေါက်ရောဂါဖြစ်နိုင်ခြေများခြင်း – အချိုရည်မှာပါဝင်တဲ့ သကြားဓာတ်က ယူရစ်အက်စစ်ပမာဏကိုများစေလို့ အဆစ်ရောင်ဂေါက်ရောဂါကိုဖြစ်စေနိုင်ပါတယ်။ အချိုရည်က ခဏတာတော့ စိတ်ကျေနပ်မှုကိုပေးနိုင်တယ်ဆိုပေမဲ့ ရေရှည်မှာ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်စေတာကြောင့် လျစ်လျူရှုထားလို့မရပါဘူး။ ဒါကြောင့် အချိုရည်ကိုလျှော့သောက်ပြီး ရေ၊   Herbal Tea ၊ သကြားမထည့်တဲ့ အသီးဖျော်ရည်စတာတွေကို အစားထိုးသောက်သုံးသင့်ခြင်းဖြင့် သင့်ကျန်းမာရေးကိုစောင့်ရှောက်လိုက်ပါ။

Share Now: