Search
Close this search box.
Search
Close this search box.
Search
Close this search box.

AMI Life News

အဆုတ်ကင်ဆာအကြောင်းသိကောင်းစရာ

အဆုတ်ကင်ဆာလို့ပြောလိုက်ရင် ဆေးလိပ်သောက်ခြင်းနဲ့ တွဲဖက်ပြီးမြင်ကြပါတယ်။ ဟုတ်ပါတယ်။ အဆုတ်ကင်ဆာဖြစ်ပွားမှုရဲ့ (၈၀) ရာခိုင်နှုန်းက ဆေးလိပ်ငွေ့ကြောင့်ဖြစ်ပြီး စီးကရက်၊ ဆေးရွက်ကြီး၊ ဆေးတံ သောက်သူတွေမှာအများဆုံးတွေ့ရတာပါ။

ဆေးလိပ်မသောက်တဲ့သူတွေမှာ အဆုတ်ကင်ဆာမဖြစ်ဘူးလား?

မဟုတ်ပါဘူး။ အဆုတ်ကင်ဆာဖြစ်ပွားမှုရဲ့ (၂၀) ရာခိုင်နှုန်းက ဆေးလိပ်မသောက်သူတွေမှာ ဖြစ်တာတွေ့ရ ပါတယ်။ ပတ်ဝန်းကျင်လေထုကတဆင့် ဆေးလိပ်အငွေ့ရှုရှိုက်နေရသူတွေ၊ လုပ်ငန်းခွင်မှာ အန္တရာယ်ရှိတဲ့ အမှုန်အမွှားတွေကို ရှူရှိုက်နေရသူတွေ၊ တခြားကင်ဆာရောဂါတစ်ခုကြောင့် ဓာတ်ရောင်ခြည် ကုသမှုခံယူ နေရသူတွေ၊ မိဘမျိုးရိုးမှာအဆုတ်ကင်ဆာဖြစ်ဖူးသူတွေမှာ အဆုတ်ကင်ဆာဖြစ်နိုင်ချေများပါတယ်။ အခုခေတ်မှာ Vape သောက်သုံးမှုတွေပိုများလာပါတယ်။ ပညာရှင်တွေမှန်းဆချက်အရ Vape သောက်သုံးခြင်းကလည်း ရေရှည်မှာ အဆုတ်ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ 

တချို့အဆုတ်ကင်ဆာတွေက ရောဂါလက္ခဏာသိသိသာသာမပြပါဘူး။ ပထမတော့ ချောင်းဆိုးတာနဲ့ စတာပါ။ အဆုတ်ကင်ဆာဖြစ်တဲ့အတွက် ချောင်းဆိုးတာရှည်မယ်၊ အချိန်ကြာလာလေပိုဆိုးလေဖြစ်မယ်၊ မောမယ်၊ ရင်ဘတ်အောင့်မယ်၊ အသက်ရှူရင်တရွှီရွှီနဲ့ အသံမြည်မယ်၊ ချောင်းဆိုးရင်သွေးပါမယ်၊ အသံပြောင်းလာမယ်။ ဒါ့အပြင် ကင်ဆာရဲ့ထုံးစံအတိုင်း အစားအသောက်ပျက်မယ်၊ ကိုယ်အလေးချိန်ကျလာမယ်၊ နှုံးမယ်။ ကင်ဆာအစပြုတဲ့နေရာအပေါ်မူတည်ပြီး superior venacava syndrome ဖြစ်ရင် မျက်နှာ၊ လည်ပင်း၊ လက်မောင်းနှင့် ရင်ဘတ်အပေါ်ပိုင်း ရောင်အမ်းအမ်းဖြစ်မယ်။ Horner’s syndrome ဖြစ်ရင် မျက်ခွံတွဲကျတာတွေဖြစ်မယ်။ 

အဆုတ်ကင်ဆာကို သွေးစစ်ခြင်း၊ ရင်ဘတ်ဓာတ်မှန် (Chest X-ray)၊ စီတီစကင်(CT scan), ပက်တ်စကင် (PET scan) ရိုက်ခြင်း၊ တစ်သျှူးစ စစ်ဆေးခြင်း (Biopsy)၊ မှန်ပြောင်းကြည့်ခြင်း (Bronchoscopy, Mediastinoscopy, Thoracoscopy) ဖြင့် စစ်ဆေးနိုင်ပါတယ်။ 

အဆုတ်ကင်ဆာကို အဓိကအားဖြင့် အမျိုးအစား(၂) မျိုးခွဲပါတယ်။ 

(၁) Non-small cell lung cancer (NSCLC) က အဖြစ်အများဆုံးအဆုတ်ကင်ဆာဖြစ်ပြီး ၈၀ ရာခိုင်နှုန်းရှိပါတယ်။ NSCLC အမျိုးစားထဲမှာ adenocarcinoma နဲ့ squamous cell carcinoma တွေက အဖြစ်များပြီး Adenosquamous carcinoma နဲ့ sarcomatoid carcinoma ကအဖြစ်နည်းပါတယ်။ 

(၂) Small cell lung cancer (SCLC) က အဖြစ်နည်းပေမယ့် ကင်ဆာဆဲလ်ပွားနှုန်းပိုမြန်ပြီး ကုသဖို့ ခက်ခဲပါ တယ်။ သိလိုက်တဲ့အချိန်မှာ ခန္ဓာကိုယ်အနှံ့ပြန့်နေပါပြီ။ SCLC အမျိုးအစားထဲမှာ small cell carcinoma နဲ့ combined small cell carcinoma တွေရှိပါတယ်။ 

အဆုတ်နားတစ်ဝိုက်ပြန်ရည်ကျိတ်ကင်ဆာ (lymphomas), အရိုးနဲ့တစ်သျှူးကင်ဆာ (sarcomas), အဆုတ် အမြှေးပါးကင်ဆာ (pleural mesothelioma) စတဲ့ အမျိုးအစားတွေလည်းရှိပါသေးတယ်။ 

ကင်ဆာရဲ့အရွယ်အစား၊ ပြန့်နှံမှု၊ ပြန်ရည်ကျိတ် နဲ့ တခြားကိုယ်တွင်းအင်္ဂါတွေဆီပြန့်နှံ့မှု အပေါ်မူတည်ပြီး အဆုတ်ကင်ဆာအဆင့်သတ်မှတ်ပါတယ်။ 

အဆင့် (၀) ကင်ဆာဆဲလ်က အဆုတ်(သို့)လေပြွန်ရဲ့အနားသားတွေမှာပဲရှိနေပြီး ပြန့်နှံ့မှုမရှိပါ။ 

အဆင့် (၁) ကင်ဆာဆဲလ်က အဆုတ်ပြင်ပသို့ ပြန့်နှံ့မှုမရှိသေးပါ။ 

အဆင့် (၂) ကင်ဆာဆဲလ်တွေက အဆုတ်အတွင်းက ပြန်ရည်ကျိတ်တွေဆီပြန့်နေသည်။ (သို့) အဆုတ်အမြှေးလုံးတစ်ခု (same lobe) ထဲမှာ ကင်ဆာအကျိတ် (၁လုံး)ထက်ပိုပြီး ရှိနေသည်။ 

အဆင့် (၃) ကင်ဆာဆဲလ်တွေက အဆုတ်အနီးတဝိုက် ပြန်ရည်ကျိတ်တွေဆီပြန့်နေသည်။ (သို့) အဆုတ်တစ်ဘက်ခြမ်းရှိ အဆုတ်အမြှေးလုံးတွေ (different lobe) မှာ ကင်ဆာအကျိတ် (၁လုံး)ထက်ပိုပြီး ရှိနေ သည်။ 

အဆင့် (၄) ကင်ဆာဆဲလ်တွေက အဆုတ်ရဲ့တစ်ခြားတစ်ဘက်ခြမ်း၊ အဆုတ်ထဲမှအရည်များ၊ နှလုံးနှင့် တခြားအ‌ဝေးက ကိုယ်တွင်းအင်္ဂါတွေဆီပြန့်နှံ့နေသည်။ 

အဆုတ်ကင်ဆာကုသနည်းအမျိုးမျိုးရှိပါတယ်။ 

(၁) ခွဲစိတ်ကုသခြင်း။ 

လူနာအခြေအနေအပေါ်မူတည်ပြီး ပြန်နှံ့မှုမရှိသေးတဲ့ကင်ဆာမျိုးကို ခွဲစိတ်ကုသနိုင်ပါတယ်။ ပြန့်နှံ့မှုမြန်တဲ့ အဆုတ်ကင်ဆာမျိုးကတော့ ခွဲစိတ်ကုသဖို့ ခက်ခဲပါတယ်။ 

(၂) ကီမိုဆေးသွင်းကုသခြင်း(သို့)ဓာတုဆေးနှင့်ကုသခြင်း။ 

ခွဲစိတ်ကုသခြင်းနဲ့ တွဲဘက်ကုသနိုင်သလို၊ ခွဲစိတ်ဖို့မလွယ်ကူတဲ့ကင်ဆာအမျိုးအစားတွေမှာ ရောဂါလက္ခဏာ သက်သာဖို့အတွက် ကီမိုဆေးသွင်းကုသပါတယ်။ 

(၃) ဓာတ်ရောင်ခြည်နှင့်ကုသခြင်း။ 

ခွဲစိတ်ကုသခြင်းနဲ့တွဲဖက်ကုသနိုင်ပါတယ်။ ဓာတ်ရောင်ခြည်က ကင်ဆာဆဲလ်တွေကိုသေစေပြီး ကင်ဆာအလုံးကို ကျုံ့သွားစေတဲ့အတွက် ကင်ဆာဆဲလ်ပြန့်နှံ့မှုကိုတားဆီးပေးပါတယ်။ 

(၄) ဆေးပေးကုသခြင်း။ 

ဗီဇပြောင်းကြောင့်ဖြစ်လာတဲ့ ကင်ဆာအမျိုးအစားတွေအတွက် ကင်ဆာဆဲလ်ပွားခြင်းကို နှောင့်နှေးစေတဲ့ဆေးနဲ့ ကုသနိုင်ပါတယ်။ အဆုတ်ကင်ဆာကို သိရှိချိန်၊ ပြန့်နှံ့မှု နဲ့ ကုသမှုအပေါ်တုံ့ပြန်မှု အပေါ်မူတည်ပြီး အသက်ရှင်နိုင်မှုနှုန်း မတူပါ။ ယေဘုယျအားဖြင့် အဆုတ်ကင်ဆာရဲ့(ဘယ်အဆင့်မဆို) နောက် (၅) နှစ် အသက်ရှင်နိုင်မှုနှုန်းက ၂၂.၉ ရာခိုင်နှုန်း ရှိပါတယ်။ တချို့အဆုတ်ကင်ဆာအမျိုးအစားက ပြန့်နှံ့မှုမရှိသေးခင်မှာစောစောကုသနိုင်ရင် (လုံးဝ) ပျောက်ကင်း သွားတာမျိုးမဟုတ်ပေမယ့် နောက်(၅)နှစ်ကျော်အချိန်ထိ တဖန်ပြန်ဖြစ်လာနိုင်ချေ တော်တော်နည်းသွားပါတယ်။ 

အဆုတ်ကင်ဆာဖြစ်နိုင်ချေတွေကိုလျော့ချဖို့ 

• ဆေးလိပ်သောက်သူဆိုရင် ဆေးလိပ်ဖြတ်ပါ။ 

(ဆေးလိပ်ဖြတ်ပြီး ၅ နှစ်ကြာရင် အဆုတ်ကင်ဆာဖြစ်နိုင်ချေနည်းလာပါတယ်) 

• ပတ်ဝန်းကျင်ကဆေးလိပ်အငွေ့နဲ့တခြားသောအန္တရာယ်ရှိတဲ့အမှုန်အမွှားအတတ်နိုင်ဆုံးရှောင်ပါ။ 

• ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်မျိုးစားပါ။ 

• အဆုတ်ကင်ဆာဖြစ်နိုင်ချေများသူဆိုရင် အသက်၄၅နှစ်ကျော်လာရင် အဆုတ်ကျန်းမာရေးကိုစစ်ဆေးပါ။ 

Share Now: