AMI Life News

ရုတ်တရက်ထလိုက်ရင် မူးခနဲ မိုက်ခနဲ ဖြစ်ရတာဘာကြောင့်လဲ

ထိုင်နေရာ/လှဲနေရာကနေ ရုတ်တရက်ထလိုက်တဲ့အခါ ခေါင်းမူးသွားတာမျိုး၊ မိုက်ခနဲဖြစ်သွားတာမျိုး ကြုံဖူးပါသလား။ ဒီလိုအဖြစ်အပျက်ကို Orthostatic Hypotension/ Postural Hypotension လို့ခေါ်ပါတယ်။  

ကျွန်ုပ်တို့ ထိုင်/လှဲနေရာကနေ မတ်တပ်ရပ်လိုက်တဲ့အခါ ကမ္ဘာ့ဆွဲအားကြောင့် သွေးတွေကခြေထောက်မှာစုပုံသွားပါတယ်။ ဒီအခါမှာ ပုံမှန်အားဖြင့် ခန္ဓာကိုယ်က သွေးကြောတွေကိုကျဉ်း၊ နှလုံးခုန်နှုန်းကိုမြန်စေပြီး ဦးနှောက်ဆီလုံလောက်တဲ့သွေးပမာဏရောက်အောင် ပြုလုပ်ပေးပါတယ်။ ဒါပေမဲ့ တချို့သူတွေမှာ ဒီဖြစ်စဉ်ကောင်းကောင်းအလုပ်မလုပ်တဲ့အခါ သွေးပေါင်ခဏကျပြီး မူးမိုက်တဲ့ခံစားချက်ကိုရစေပါတယ်။ 

ဒီလိုမျိုး မတ်တပ်ရပ်လိုက်လို့မူးတာမျိုးက အများအားဖြင့် စိုးရိမ်စရာမရှိတတ်ဘဲ သက်သာအောင် အလွယ်တကူပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ပြင်းထန်ခဲ့ရင် လဲကျတာ၊ ပြုတ်ကျတာမျိုးဖြစ်နိုင်သလို ရောဂါတစ်ခုခုရဲ့ လက္ခဏာလည်းဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် မကြာခဏဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့အရေးကြီးပါတယ်။ 
 

ဒီနေ့မှာတော့ Postural Hypotension ကိုဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတချို့ကို ဖော်ပြလိုက်ပါတယ်။ 

◼️ရေဓာတ်နည်းခြင်း 

ရေဓာတ်နည်းတဲ့အခါမှာ သွေးပမာဏလည်းကျဆင်းပါတယ်။ ဒီအခါ သွေးပေါင်ကျလို့ မတ်တပ်ရပ်တဲ့အခါမှာ မူးတာ၊ မိုက်တာတွေဖြစ်နိုင်ပါတယ်။ ရေဓာတ်နည်းရခြင်း အဓိကအကြောင်းအရင်းတွေကတော့ … 

▪️ရေအလုံအလောက် မသောက်ခြင်း 

▪️ချွေးထွက်များခြင်း 

▪️နေမကောင်းခြင်း (အထူးသဖြင့် ဝမ်းလျှော/အန်ခြင်း)တွေပဲဖြစ်ပါတယ်။ 

◼️အချိန်ကြာမြင့်စွာ ထိုင်ခြင်း/လှဲလျောင်းခြင်း 

ခန္ဓာကိုယ်အနေအထား အပြောင်းအလဲက သွေးပေါင်ချိန်အပေါ်သက်ရောက်မှုရှိပါတယ်။ မတ်တပ်ရပ်တဲ့အခါ သွေးတွေက ခန္ဓာကိုယ်အောက်ပိုင်းမှာ ခဏစုအိုင်သွားလို့ သွေးပေါင်နည်းနည်းကျတတ်ပါတယ်။ ဒါကြောင့် မနက်အိပ်ရာထတဲ့အခါမျိုး သတိနဲ့ဖြည်းဖြည်းချင်းထတာ ပိုကောင်းပါတယ်။ မနက်ပိုင်းဆိုတာ တစ်နေ့တာလုံးမှာ သွေးပေါင်ချိန်အနိမ့်ဆုံးအချိန်လည်းဖြစ်လို့ပါ။ Orthostatic Hypotension က ထိခိုက်ဒဏ်ရာ/နေထိုင်မကောင်းခြင်းကြောင့် အိပ်ရာထဲမှာ အကြာကြီးနေရသူတွေမှာလည်းဖြစ်နိုင်ပါတယ်။ 

◼️အပူလွန်ကဲခြင်း 

လူက ပူလာတဲ့အခါမှာ ချွေးထွက်များလာပြီး ပြန်လည်မဖြည့်တင်းဘူးဆိုရင် ရေဓာတ်နည်းလာပါတယ်။ ရေဓာတ်နည်းရင် ခန္ဓာကိုယ်က ကိုယ်အပူချိန်ကိုထိန်းညှိနိုင်စွမ်းကျပြီး သွေးပမာဏလည်းလျော့နည်းလာလို့ သွေးပေါင်ကျနိုင်ပါတယ်။ ဒီအခါမှာ မတ်တပ်ရပ်ရင် မူးတာ၊ မိုက်ခနဲဖြစ်တာတွေကြုံရတတ်ပါတယ်။ 

ဒါကြောင့် အရမ်းပူလာတဲ့အခါမှာ နေရိပ်ထဲမှာနေပြီး ရေများများသောက်ပါ။ ချွေးအများကြီးထွက်တယ်ဆိုရင်တော့ ရေချည်းပဲထက် ဓာတ်ဆားပါတဲ့အရည်တွေကို ပိုပြီးသောက်သင့်ပါတယ်။ ဒါမှသာ ချွေးကနေတဆင့်ထွက်သွားတဲ့ဓာတ်ဆားဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်မှာဖြစ်ပါတယ်။ 

◼️အရက်  

ကြားဖူးကြမယ်ထင်ပါတယ်။ အရက်သောက်တာကြာတဲ့အခါ သွေးတိုးလာနိုင်တယ်ဆိုတာ။ ဒါက မှန်ပါတယ်။ ဒါပေမဲ့ ယာယီအားဖြင့်တော့ အရက်သောက်လိုက်ရင် သွေးပေါင်ကျစေတာကို သင်သိပါသလား။ ဘာကြောင့်လဲဆို အရက်က သွေးကြောကိုကျဉ်းစေပြီး သွေးစီးဆင်းမှုကိုနှေးကွေးစေလို့ပါ။ နောက်ပြီး အရက်ရဲ့မူးဝေစေတဲ့အစွမ်းကြောင့် မတ်တပ်ရပ်တဲ့အခါမှာ ပိုပြီး မူးတာ၊ မိုက်တာကိုဖြစ်စေနိုင်ပါတယ်။  

◼️ကိုယ်ဝန် 

ကိုယ်ဝန် ပထမ ၂၄ ပတ်မှာဆိုရင် ခန္ဓာကိုယ်က မိခင်နဲ့ကလေးနှစ်ဦးလုံးအတွက်လိုအပ်တဲ့ သွေးလှည့်ပတ်မှုအပြောင်းအလဲကို ပြုလုပ်တာကြောင့် သွေးပေါင်ကျတတ်ပါတယ်။ ဒါကြောင့် ဒီကာလမှာ Postural Hypotension ဖြစ်လွယ်လို့သတိထားသင့်ပါတယ်။ 

ထိုင်နေ/လှဲနေရာကနေ မတ်တပ်ရပ်တဲ့အခါ၊ မနက်နိုးလို့ အိပ်ရာကနေထတဲ့အခါ ဖြည်းဖြည်းချင်းစီထဖို့ ဂရုစိုက်သတိပြုပါ။ 

◼️ဆေးဝါး 

တခါတလေ မိမိသောက်နေတဲ့ဆေးဝါးတွေကြောင့်လည်း မတ်တပ်ရပ်ရင်မူးတာမျိုးတွေ မကြာခဏ ဖြစ်နိုင်ပါတယ်။ အောက်ပါအခြေအနေတွေအတွက်ပေးတဲ့ ဆေးဝါးတွေကြောင့် ဖြစ်တတ်ပါတယ်။ 

▪️သွေးတိုးခြင်း 

▪️ရင်ဘတ်အောင့်ခြင်း 

▪️စိတ်ကျခြင်း 

▪️ပန်းသေပန်းညှိုးခြင်း 

ဒါ့အပြင် သွေးတိုးကျဆေးနဲ့ တခြားဆေးတွေပေါင်းသောက်မိလို့ သွေးပေါင်ကျတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Orthostatic Hypotension မကြာခဏဖြစ်နေပြီဆိုရင်တော့ ‌သောက်နေတဲ့ဆေးတွေကို ဆရာဝန်နဲ့ပြသဖို့အရေးကြီးပါတယ်။ 

◼️ကျန်းမာ‌ရေးအခြေအနေ 

မတ်တပ်ရပ်လိုက်တိုင်း မကြာခဏမူးနေတယ်ဆိုရင်တော့ တခြားအကြောင်းအရင်းဖြစ်နေနိုင်တာမို့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ Postural Hypotension ကိုဖြစ်စေနိုင်တဲ့ ကျန်းမာရေးအခြေအနေတချို့ကတော့ … 

▪️နှလုံးအဆို့ရောဂါ၊ နှလုံးခုန်နှေးခြင်း၊ Heart Attack၊ နှလုံးအလုပ်မလုပ်နိုင်ခြင်းစတဲ့ နှလုံးဆိုင်ရာပြဿနာများ 

▪️ဆီးချို၊ သွိုင်းရွိုက်စတဲ့ ဟော်မုန်းဆိုင်ရာရောဂါများ 

▪️ပါကင်ဆန်ရောဂါ၊ အသိဉာဏ်ချို့ယွင်းမှုစတဲ့ ဦးနှောက်နဲ့အာရုံကြောပြဿနာများအစရှိတာတွေ ဖြစ်ပါတယ်။ 

Postural Hypotension ဖြစ်တိုင်း နောက်ကွယ်မှာကျန်းမာရေးပြဿနာရှိနေတယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မကြာခဏဖြစ်နေတယ်ဆိုရင်၊ မေ့လဲတာမျိုးဖြစ်ရင် ဆရာဝန်နဲ့ပြသဆွေးနွေးဖို့အရေးကြီးကြောင်း မျှဝေလိုက်ပါတယ်။ 

Share Now: