အသည်းရောင်အသားဝါဆိုတာ ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ အသည်းရောင်ပြီး မျက်စိနဲ့အသားဝါတတ်တဲ့ ကူးစက်ရောဂါတစ်ခုဖြစ်ပါတယ်။ အသည်းရောင်အသားဝါပိုး ၅ မျိုးရှိပြီး အဖြစ်များဆုံးကတော့ အေပိုး၊ ဘီပိုး၊ စီပိုးတွေဖြစ်ပါတယ်။ ဒီနေ့မှာတော့ အသည်းကျန်းမာရေးကိုထိခိုက်စေတဲ့ အသည်းရောင်အသားဝါ အေ၊ ဘီ၊ စီပိုးနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ ကျန်းမာရေးဗဟုသုတတွေကို မျှဝေသွားမှာဖြစ်ပါတယ်။
🟡 အသည်းရောင်အသားဝါ အေ
ဒီအမျိုးအစားက နာတာရှည်မဟုတ်သလို နောက်ဆက်တွဲပြဿနာလည်း မဖြစ်စေပါဘူး။ နှစ်လလောက်အတွင်းမှာ အသည်းက ပြန်ကောင်းသွားတတ်ပြီး ကာကွယ်ဆေးလည်း ရှိပါတယ်။
🟡 အသည်းရောင်အသားဝါ ဘီ
အများစုကတော့ ၆ လအတွင်း ပြန်သက်သာလေ့ရှိပါတယ်။ ဒါပေမဲ့ တခါတလေ နာတာရှည်ဖြစ်ပြီး အသည်းပျက်စီးနိုင်ပါတယ်။ ဒီရောဂါပိုးကူးစက်ခံရသူဟာ ဘာလက္ခဏာမှမခံစားရဘူးဆိုရင်တောင် တခြားသူကိုကူးစက်စေနိုင်ပါတယ်။ ကံကောင်းတာက ကာကွယ်ဆေးနဲ့ မကူးစက်အောင် တားဆီးနိုင်ပါတယ်။
🟡 အသည်းရောင်အသားဝါ စီ
အများစုက ဘာရောဂါလက္ခဏာမှ မပြကြပါဘူး။ ရောဂါပိုးရှိသူ ၈၀ % ခန့်က နာတာရှည်ဖြစ်သွားကြပြီး တချို့မှာတော့ အသည်းခြောက်တဲ့အထိဖြစ်တတ်ပါတယ်။ နောက်ပြီး ကာကွယ်ဆေးလည်းမရှိပါဘူး။
✅ ဘယ်လိုကူးစက်နိုင်လဲ?
🟡 အသည်းရောင်အသားဝါ အေ – အဓိကကူးတာကတော့ ပိုးရှိတဲ့ အစားအသောက်တွေကနေတဆင့် ကူးစက်ပါတယ်။ ရောဂါပိုးရှိတဲ့သူက လက်ကိုသေချာမဆေးဘဲ အစားအသောက်ကိုကိုင်တွယ်ပြင်ဆင်တဲ့အခါ ရောဂါပိုးကူးစက်ပါတယ်။ နောက်တနည်းကတော့ ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံတဲ့အခါ ကူးစက်နိုင်ပါတယ်။
🟡 အသည်းရောင်အသားဝါ ဘီ – ဘီပိုးက သွေး၊ သုက်ရည်၊ ခန္ဓာကိုယ်ကထွက်တဲ့ တခြားအရည်တွေမှာ ရှင်သန်နေထိုင်ပါတယ်။ အများအားဖြင့်တော့ ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံခြင်းကနေတဆင့် ကူးစက်လေ့ရှိပါတယ်။ တခြားနည်းလမ်းတွေကတော့ …
– ရောဂါပိုးရှိသူနဲ့ ဆေးထိုးအပ်မျှဝေသုံးစွဲခြင်း
– ရောဂါပိုးရှိတဲ့သွေး (သို့) ခန္ဓာကိုယ်အရည်တမျိုးမျိုးနဲ့ တိုက်ရိုက်ထိတွေ့ခြင်း(ဥပမာ-မုတ်ဆိတ်ရိတ်ဓား၊ သွားပွတ်တံစတာတွေကို မျှဝေအသုံးပြုခြင်း၊ ရောဂါပိုးရှိသူရဲ့အနာကို ထိကိုင်ခြင်း)
– ရောဂါပိုးရှိတဲ့ကိုယ်ဝန်ဆောင်မိခင်ကနေ ကလေးကိုကူးစက်ခြင်း(တကယ်လို့ မွေးကင်းစကလေးမှာ ဘီပိုးပါလာရင် မွေးပြီး ၁၂ နာရီအတွင်းကုသမှုခံယူဖို့လိုအပ်ပါတယ်။)
🟡 အသည်းရောင်အသားဝါ စီ – ဘီပိုးလိုပဲ ဆေးထိုးအပ်မျှဝေအသုံးပြုတာ၊ ပိုးရှိတဲ့သွေးနဲ့ တိုက်ရိုက်ထိတွေ့ရာကနေ ကူးစက်ပါတယ်။ ပိုးရှိသူနဲ့ လိင်ဆက်ဆံရာကနေတဆင့်လည်း ကူးစက်နိုင်ပေမဲ့ အဖြစ်တော့နည်းပါတယ်။
ရောဂါပိုးရှိတဲ့ကိုယ်ဝန်ဆောင်မိခင်ကနေ ကလေးကိုကူးစက်နိုင်ခြေရှိပေမဲ့လည်း ရှားပါတယ်။
ဒီနေရာမှာ အသည်းရောင်အသားဝါပိုးတွေနဲ့ပတ်သက်လို့ လွဲမှားနေတဲ့အယူအဆတွေကို ရှင်းလင်းချင်ပါတယ်။ ဘီပိုး၊ စီပိုးက (အေပိုးလိုမျိုး) အစားအသောက်ကနေတဆင့် မကူးစက်ပါဘူး။ ဒါ့အပြင် …
– နမ်းခြင်း
– ပွေ့ဖက်ခြင်း
– နှာချေ၊ ချောင်းဆိုးခြင်း
– ဇွန်း၊ ခက်ရင်းမျှဝေသုံးစွဲခြင်းကနေလည်း မကူးစက်နိုင်ပါဘူး။
✅ အသည်းရောင်အသားဝါပိုးရှိနေမှန်း ဘယ်လိုသိနိုင်မလဲ?
လူသိအများဆုံးလက္ခဏာကတော့ မျက်လုံးနဲ့ အသားဝါခြင်းပါပဲ။ ဒါပေမဲ့ ပိုးရှိတဲ့သူတိုင်း အသားဝါချင်မှဝါတာပါ။ တုပ်ကွေးလိုမျိုး နေထိုင်မကောင်းတာ၊ ဗိုက်အောင့်တာလောက်နဲ့ပဲ ပြီးချင်ပြီးသွားပါတယ်။
ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ …
– ဖျားခြင်း
– အစားအသောက်ပျက်ခြင်း
– ပျို့ခြင်း၊ အန်ခြင်း
– ဝမ်းသွားခြင်း
– ဆီးအရောင်ရင့်ခြင်း
– ဝမ်းအရောင်ဖြူဖျော့ခြင်း
– အဆစ်နာခြင်းတွေဖြစ်ပြီး ဒီလိုလက္ခဏာခံစားရရင် ဆရာဝန်နဲ့ချက်ချင်းပြသဖို့လိုအပ်ပါတယ်။
တခါတလေ တချို့လူတွေမှာ ဘာလက္ခဏာမှမပြတာမျိုးလည်းရှိပါတယ်။ ရောဂါပိုးရှိမရှိသေချာဖို့ဆိုရင် ဆေးစစ်မှရပါမယ်။
✅ ကူးစက်ခံရပြီး ဘယ်လောက်ကြာမှ လက္ခဏာပြလဲ?
အများစုမှာ သာမန်လက္ခဏာပဲပြတာ (သို့) ဘာလက္ခဏာမှမပြတတ်တာကြောင့် ဒီလိုမျိုးအသည်းရောင်ရောဂါကို အသံတိတ်ရောဂါလို့လည်း ခေါ်ဝေါ်ကြပါတယ်။
🟡 အသည်းရောင်အသားဝါ အေ – ပိုးကူးစက်ခံရပြီး ၂-၆ ပတ်အတွင်း အများအားဖြင့် လက္ခဏာပြပါတယ်။ ပြီးရင် ဝေဒနာက နှစ်လမပြည့်ခင် သက်သာသွားတတ်ပါတယ်။ ဒါပေမဲ့ တချို့သူတွေမှာတော့ ၆ လလောက်အထိ နေထိုင်မကောင်းဖြစ်နိုင်ပါတယ်။
အေပိုးရှိရင် ပြတတ်တဲ့လက္ခဏာတွေကတော့ …
– ဖျားခြင်း
– နုံးခြင်း
– ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း
– ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖြူဖျော့ခြင်း
– အဆစ်နာခြင်း
– မျက်စိ၊ အသားဝါခြင်းစတာတွေပဲ ဖြစ်ပါတယ်။
🟡 အသည်းရောင်အသားဝါ ဘီ – ရောဂါလက္ခဏာက အေပိုးနဲ့အတူတူပါပဲ။ အများအားဖြင့် ကူးစက်ပြီး ၃ လလောက်မှာလက္ခဏာပြပါတယ်။ တချို့သူတွေမှာတော့ ကူးစက်ခံရပြီး ၆ ပတ်ကနေ ၆ လအတွင်း လက္ခဏာပြတတ်ပါတယ်။
တခါတလေ လက္ခဏာက သာမန်လောက်ပဲပြပြီး တစ်ပတ်လောက်ပဲဖြစ်ပါတယ်။ တချို့လူတွေမှာတော့ ပိုးက ခန္ဓာကိုယ်ထဲဆက်ရှိနေပြီး နာတာရှည်အသည်းပြဿနာတွေဖြစ်လာနိုင်ပါတယ်။
🟡 အသည်းရောင်အသားဝါ စီ – အစောပိုင်းလက္ခဏာတွေကတော့ အေပိုး၊ ဘီပိုးနဲ့အတူတူပါပဲ။ ကူးစက်ခံရပြီး ၆-၇ ပတ်လောက်မှာ လက္ခဏာပြလေ့ရှိပါတယ်။ တချို့သူတွေမှာတော့ ၂ ပတ်ကနေ ၆ ပတ်အတွင်းပြတတ်ပါတယ်။
စီပိုးကူးစက်ခံရသူ ၂၅% ခန့်က ဆေးကုသစရာမလိုဘဲ သူ့အလိုလိုပျောက်ကင်းသွားကြပါတယ်။ တချို့သူတွေမှာတော့ နှစ်တွေအကြာကြီး လူမှာရှိနေတတ်ပြီး အသည်းကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။
တစ်ခုသိထားရမှာက အသည်းရောင်အသားဝါပိုးကူးစက်ခံရသူတွေဟာ ဘာလက္ခဏာမှမခံစားရရင်တောင် တခြားသူကိုကူးစက်စေနိုင်ပါတယ်။
✅ အသည်းရောင်အသားဝါကို ကုသလို့ရနိုင်လား?
🟡 အသည်းရောင်အသားဝါအေက သူ့အလိုလိုပျောက်ကင်းတာမို့ ဆေးသောက်စရာမလိုပါဘူး။ ဝေဒနာသက်သာအောင် အစားနည်းနည်းစီစားခြင်း၊ ရေအလုံအလောက်သောက်ခြင်း၊ ပြင်းပြင်းထန်ထန် လှုပ်ရှားမှုမပြုခြင်းဖြင့် မိမိကိုယ်မိမိစောင့်ရှောက်နိုင်ပါတယ်။
🟡 အသည်းရောင်အသားဝါဘီကို ကုသရာမှာတော့ ဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့၊ အသည်းကိုကာကွယ်ဖို့က အဓိကဖြစ်ပါတယ်။ ဒါကြောင့် အသည်းကို ပုံမှန်စစ်ဆေးစောင့်ကြည့်ဖို့ သိပ်အရေးကြီးပါတယ်။ အခြေအနေပေါ်မူတည်ပြီး တချို့သူတွေမှာ ဆေးသောက်ဖို့လိုပြီး တချို့ကတော့မလိုပါဘူး။ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ကုသခြင်းက အကောင်းဆုံးပါပဲ။
🟡 အသည်းရောင်အသားဝါစီကို ကုသနိုင်တဲ့ဆေးတွေရှိပြီး ဆေးဝါးအသစ်တွေလည်းပေါ်နေပါပြီ။ ရောဂါအခြေအနေပေါ်မူတည်ပြီး ဆရာဝန်က အသင့်တော်ဆုံးဆေးဝါးကို ရွေးချယ်ပေးပါလိမ့်မယ်။ ကုသရမယ့်ကာလကတော့ တစ်ဦးနဲ့တစ်ဦးမတူနိုင်ပါဘူး။ နောက်မှပေါ်တဲ့ ဆေးအသစ်တွေဆိုရင်တော့ ဆေးသောက်ရမယ့်ကာလပိုတိုသွားပါတယ်။
တစ်ခုသတိပြုရမှာက အသည်းရောင်အသားဝါကို ကုသရမယ့်နည်းလမ်းက တစ်ဦးနဲ့တစ်ဦးမတူတာကြောင့် ကုသတဲ့အခါ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့ သိပ်အရေးကြီးပါတယ်။
✅ ကာကွယ်ဆေးရှိလား?
အသည်းရောင်အသည်းဝါအေပိုးနဲ့ ဘီပိုးအတွက် ကာကွယ်ဆေးရှိပါတယ်။ စီပိုးအတွက်တော့ မရှိပါဘူး။
🟡 အေပိုးအတွက်ကာကွယ်ဆေးကို ၆ လခြားပြီး နှစ်ခါထိုးရပါတယ်။ ကလေးငယ်တွေမှာဆို အသက် ၁၂-၂၃ လအတွင်း ပထမအကြိမ်ကို ထိုးသင့်ပါတယ်။
🟡 ဘီပိုးအတွက်ကာကွယ်ဆေးက အမျိုးအစားပေါ်မူတည်ပြီး နှစ်ကြိမ်၊ သုံးကြိမ် (သို့) လေးကြိမ်ထိုးရတာ ရှိပါတယ်။ မွေးစကလေးတွေမှာဆို မွေးပြီးပြီးချင်းတစ်ကြိမ်ထိုးပြီး ကျန်တာတွေကို ၆ လနဲ့အပြီး ကာကွယ်ဆေးထိုးရပါမယ်။
လူကြီးဖြစ်မှ ကာကွယ်ဆေးထိုးမယ်ဆိုရင်လည်း ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး ထိုးနိုင်ပါတယ်။ အေ၊ ဘီနှစ်မျိုးလုံးထိုးချင်ရင် ဆရာဝန်ကိုမေးမြန်းပြီး ပေါင်းစပ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ ကာကွယ်ဆေးထိုးပြီတဲ့အခါမှာလည်း ဆေးအောင်၊ မအောင်သိရဖို့ ပြန်စစ်ဆေးပြီး လိုအပ်ရင် Booster ထပ်ထိုးရပါမယ်။
✅ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ
🔴 နာတာရှည်အသည်းရောင်ခြင်းရဲ့ အဖြစ်များဆုံး နောက်ဆက်တွဲပြဿနာတစ်ခုကတော့ အသည်းခြောက်ခြင်းပါပဲ။ ခြောက်သွားတဲ့အသည်းက ပုံမှန်အသည်းလို ကောင်းကောင်းအလုပ်မလုပ်နိုင်တော့လို့ အသက်အန္တရာယ်ကိုခြိမ်းခြောက်လာပါတယ်။ လက္ခဏာတွေအနေနဲ့ နုံးချိခြင်း၊ ပျို့ခြင်း၊ ကိုယ်အလေးချိန်လျော့ခြင်း၊ ဝမ်းဗိုက်ရေဖျဉ်းစွဲခြင်း၊ ခြေထောက်ဖောခြင်းစတာတွေ ခံစားရနိုင်ပါတယ်။ ဒီထက်ဆိုးရွားရင် အသားဝါခြင်း၊ စိတ်အာရုံမူမမှန်ထွေပြားခြင်းတွေအထိ ဖြစ်လာနိုင်ပါတယ်။
🔴 အသည်းရောင်ခြင်းက အသည်းကင်ဆာဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းလည်းဖြစ်ပါတယ်။ ဒါကြောင့် ဘီပိုး၊ စီပိုးရှိသူတွေအနေနဲ့ ကျန်းမာနေတယ်ဆိုရင်တောင် ပုံမှန်စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်နေဖို့လိုအပ်ပါတယ်။ ဒါမှသာ အကျိတ်ကို စောစောစီးစီးတွေ့ရှိပြီး ခွဲစိတ်ဖယ်ရှားနိုင်မှာပါ။ ဒါပေမဲ့လည်း အသည်းကင်ဆာအများစုက ကုသရခက်ခဲပါတယ်။
👉 အသည်းရောင်အသားဝါရောဂါဆိုတာ ကမ္ဘာတဝှမ်းလုံးမှာ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ အသံတိတ်ရောဂါတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ရောဂါဖြစ်စေတဲ့ အကြောင်းအရင်း၊ လက္ခဏာ၊ ကာကွယ်နည်းတွေကိုသိရှိထားခြင်းက အကောင်းဆုံးပါပဲ။ ကာကွယ်ဆေးထိုးနှံခြင်း၊ အကာအကွယ်သုံးပြီး လိင်ဆက်ဆံခြင်း၊ သန့်ရှင်းမှုရှိခြင်းစတဲ့ ကာကွယ်နည်းတွေကိုလိုက်နာပြီး ကျန်းမာရေးအသိဖြန့်ဝေခြင်းဖြင့် အသည်းကျန်းမာရေးကို ကျွန်ုပ်တို့အတူကာကွယ်စောင့်ရှောက်ကြပါစို့လား။