AMI Life News

ငှက်ဖျားရောဂါသိမှတ်စရာ

ငှက်ဖျားဆိုတာ ကပ်ပါးပိုးကူးစက်ခံထားရတဲ့ခြင်က သင့်ကိုကိုက်လိုက်တဲ့အခါမှာကူးစက်တဲ့ ပြင်းထန်ရောဂါတစ်ခုဖြစ်ပါတယ်။ ငှက်ဖျားက ဗိုင်းရပ်စ်၊ ဘက်တီးရီးယားကြောင့်ဖြစ်တာမဟုတ်ဘဲ ကပ်ပါးပိုးကြောင့်ဖြစ်တာပါ။ မကုသဘဲထားရင်တော့ ငှက်ဖျားကြောင့် တက်ခြင်း၊ ဦးနှောက်ထိခိုက်ခြင်း၊ အသက်ရှူရခက်ခြင်း၊ ကိုယ်တွင်းအင်္ဂါပျက်စီးခြင်း၊ ‌သေဆုံးခြင်းအစရှိတဲ့ ဆိုးရွားတဲ့အခြေအနေတွေအထိ ဖြစ်လာနိုင်ပါတယ်။ 

◼️ဘယ်သူတွေ ငှက်ဖျားဖြစ်နိုင်လဲ 

ဘယ်သူမဆိုငှက်ဖျားဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေ၊ အသက်ကြီးသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေကတော့ ငှက်ဖျားဖြစ်ခဲ့ရင် သေဆုံးနိုင်ခြေပိုများပါတယ်။ တစ်ကမ္ဘာလုံးမှာ ငှက်ဖျားကြောင့်သေဆုံးမှု ၉၀ % ကျော်က အာဖရိကမှာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ‌ဒေသတွင်းသေဆုံးမှုရဲ့ ၈၀% ကျော်က အသက်ငါးနှစ်အောက်ကလေးတွေမှာ ဖြစ်ပွားခဲ့ပါတယ်။ 

◼️ငှက်ဖျားဘယ်လိုဖြစ်လဲ 

ငှက်ဖျားရှိတဲ့လူကို ခြင်ကကိုက်လိုက်တယ်ဆိုရင် အဲ့ဒီခြင်က ငှက်ဖျားပိုးကူးစက်ခံလိုက်ရပါပြီ။ ဒီခြင်က တခြားလူတစ်ယောက်ကိုကိုက်တဲ့အခါမှာတော့ အဲ့ဒီလူရဲ့သွေးထဲကို ငှက်ဖျားပိုးကဝင်သွားပါတယ်။ ပြီးရင် ငှက်ဖျားပိုးတွေက ပွားလာပါတော့တယ်။ လူကိုကူးစက်နိုင်တဲ့ ငှက်ဖျားပိုး ၅ မျိုးရှိပါတယ်။ 

ဖြစ်တောင့်ဖြစ်ခဲ ကိုယ်ဝန်ဆောင်မိခင်မှာ ငှက်ဖျားပိုးရှိရင် ကလေးကို ကိုယ်ဝန်ဆောင်ချိန် (သို့) မီးဖွားချိန်မှာ ကူးစက်သွားနိုင်ပါတယ်။ နောက်ထပ်ဖြစ်နိုင်ပေမဲ့ ဖြစ်နိုင်ခြေအတော်နည်းတာတွေကတော့ သွေးသွင်းခြင်း၊ ကိုယ်အင်္ဂါအစားထိုးခြင်း၊ ဆေးထိုးအပ်ကနေလည်း ကူးစက်နိုင်တာမျိုးပါ။ 

◼️ငှက်ဖျားရောဂါ လက္ခဏာတွေကဘာလဲ 

▪️ဖျားခြင်း၊ ချွေးထွက်ခြင်း 

▪️တစ်ကိုယ်လုံးချမ်းတုန်ခြင်း 

▪️ခေါင်းကိုက်ခြင်း၊ ကြွက်သားကိုက်ခဲခြင်း 

▪️မောပန်းနွမ်းနယ်ခြင်း 

▪️ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခြင်း၊ ချောင်းဆိုးခြင်း 

▪️ဝမ်းသွားခြင်း၊ ပျို့ခြင်း၊ အန်ခြင်း 

ငှက်ဖျားပိုဆိုးလာတဲ့အခါမှာတော့ သွေးအားနည်းခြင်း၊ အသားဝါခြင်း၊ မျက်လုံးဝါခြင်းတွေဖြစ်လာနိုင်ပါတယ်။ ငှက်ဖျားရဲ့အပြင်းထန်ဆုံးပုံစံကတော့ ဦးနှောက်ထိပြီး ကိုမာဝင်ခြင်းပဲဖြစ်ပါတယ်။ ဒီလိုမျိုးက သေဆုံးသူကလေး ၁၅% နဲ့ လူကြီး ၂၀% မှာတွေ့ရပါတယ်။ 

◼️ငှက်ဖျားရှိရင် ဘယ်တော့လက္ခဏာစပြလဲ 

ငှက်ဖျားလက္ခဏာတွေက အများအားဖြင့် ကူးစက်ခံရပြီး ၁၀ ရက်ကနေ တစ်လအတွင်း ပေါ်လာလေ့ရှိပါတယ်။ ကူးစက်ခံရတဲ့ ကပ်ပါးပိုးအမျိုးအစားပေါ်မူတည်ပြီး လက္ခဏာမပြင်းထန်တာလည်းရှိပါတယ်။ တချို့လူတွေမှာဆို ခြင်ကိုက်ခံရပြီး တစ်နှစ်လောက်အထိ မဖျားနာတာမျိုးရှိပါတယ်။ တခါတလေမှာ ကပ်ပါးပိုးက သုံးလေးငါးနှစ်လောက်ကြာအောင် ဘာလက္ခဏာမှမပြဘဲ ခန္ဓာကိုယ်ထဲမှာရှိနေနိုင်ပါတယ်။ 

အမျိုးအစားပေါ်လိုက်ပြီး တချို့ငှက်ဖျားတွေက ပြန်ဖြစ်တတ်ပါတယ်။ ငှက်ဖျားပိုးက အသည်းထဲမှာခိုအောင်းနေပြီး နှစ်တွေကြာမှ သွေးထဲကိုပြန်ထွက်လာတာမျိုးပါ။ ကပ်ပါးပိုးတွေသွေးထဲပြန်ရောက်တာနဲ့ လက္ခဏာတွေကတဖန်ပြန်ဖြစ်လာပါတယ်။ 

◼️ငှက်ဖျားကို ဘယ်လိုစစ်ဆေးမလဲ 

ဆရာဝန်က သင့်ကိုရောဂါလက္ခဏာတွေ၊ ခရီးသွားရာဇဝင်မေးပြီး စမ်းသပ်ပါလိမ့်မယ်။ မကြာခင်က သင်သွားခဲ့တဲ့နိုင်ငံတွေအကြောင်းကို သေချာပြောပြဖို့အရေးကြီးပါတယ်။ သွေးနမူနာယူပြီး ဓာတ်ခွဲခန်းမှာစစ်ဆေးတဲ့အခါမှာ ငှက်ဖျားရှိမရှိသိနိုင်ပါတယ်။ ငှက်ဖျားအမျိုးအစားပေါ်မူတည်ပြီး ဆရာဝန်က သင့်တော်တဲ့ကုသမှုကို ပေးပါလိမ့်မယ်။ 

◼️ဘယ်လိုကုသရမလဲ 

ငှက်ဖျားရှိမှန်းသိတာနဲ့ချက်ချင်း ကုသဖို့အရေးကြီးပါတယ်။ ဆရာဝန်က သင့်ကို ငှက်ဖျားဆေးပေးပါလိမ့်မယ်။ တချို့ငှက်ဖျားဆေးတွေက မတိုးတော့တာရှိသလို တချို့ဆေးတွေကိုလည်း တခြားဆေးတွေနဲ့ တွဲဖက်ပေးကြပါတယ်။ သင့်မှာရှိတဲ့ငှက်ဖျားပိုးအ‌ပေါ်မူတည်ပြီး ဘယ်ဆေးကို ဘယ်လောက်ကြာအောင်သောက်ရမလဲ အဆုံးအဖြတ်ပေးပါလိမ့်မယ်။ ငှက်ဖျားဆိုတာ  ဆေးနဲ့ပျောက်ကင်းအောင် ကုသနိုင်တဲ့ရောဂါပါ။ 

◼️ငှက်ဖျားမဖြစ်အောင် ကာကွယ်လို့ရလား 

ငှက်ဖျားအဖြစ်များတဲ့ဒေသတွေမှာ ယာယီနေထိုင်မယ်၊ ခရီးသွားလည်ပတ်မယ်ဆိုရင် ငှက်ဖျားကာကွယ်ဖို့ သောက်ဆေးအကြောင်း ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။ ဆေးသောက်တဲ့အခါမှာလည်း မသွားခင်၊ ရောက်နေစဉ်၊ ပြန်ရောက်ပြီးနောက်မှာလည်း သောက်ဖို့လိုပါတယ်။ ဆေးဝါးတွေက ငှက်ဖျားကူးစက်နိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်တယ်ဆိုပေမဲ့ ဆေးသောက်နေလျက်နဲ့ ငှက်ဖျားကူးသွားတယ်ဆိုရင်တော့ ကုသဖို့အတွက် အဲ့ဒီဆေးတွေကိုသုံးလို့မရနိုင်တော့ပါဘူး။ 

👉 ငှက်ဖျားကာကွယ်ဖို့ဆိုရင် ခြင်မကိုက်အောင်ကာကွယ်နေထိုင်ဖို့ အရေးကြီးပါတယ်။ 

▪️ခြင်ထောင်ထောင်အိပ်ပါ။ 

▪️ခြင်လုံဇကာတပ်ပါ။ 

▪️ခြင်နိုင်ဆေးရည်ဖျန်းပါ။ 

▪️အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပါ။ 

ငှက်ဖျားဆိုတာ သေချာမကုသရင် ဆိုးရွားတဲ့ကျန်းမားရေးပြဿနာတွေသာမက အသက်သေစေတဲ့အထိကို ဖြစ်နိုင်ပါတယ်။ ငှက်ဖျားက စောစောကုလေ ပိုပြီးထိရောက်လေမို့ ငှက်ဖျားဖြစ်လာပြီဆိုရင် ချက်ချင်းကုသမှုခံယူဖို့အရေးကြီးကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ 

Share Now: