အိပ်နေရင်းလမ်းလျှောက်တယ်ဆိုတာ အိပ်စက်မှုဆိုင်ရာဝေဒနာတစ်ခုပါ။ လူက အိပ်နေရင်းနဲ့ ဟိုဟိုဒီဒီလျှောက်သွားတာမျိုး၊ ထူးဆန်းတဲ့/မထင်ထားတဲ့ လုပ်ရပ်တွေလုပ်တာမျိုး ဖြစ်စေပါတယ်။ ဒီဝေဒနာက အများအားဖြင့် မျိုးရိုးလိုက်ပါတယ်။ ကလေးဘဝမှာပိုဖြစ်ပြီး အများစုက ကြီးလာရင်ပျောက်သွားကြပါတယ်။
ဘယ်လောက်အဖြစ်များလဲ?
လူ ၁၀၀ မှာ ၇ ယောက်လောက်က ဘဝမှာ အနည်းဆုံးတစ်ကြိမ်တော့ ဖြစ်တတ်ကြပါတယ်။ အများစုက ကလေးဘဝမှာစဖြစ်ပြီး အရွယ်ရောက်တဲ့အခါဖြစ်တော့ပါဘူး။ တစ်နှစ်ကို အိပ်နေရင်းလမ်းလျှောက်တဲ့သူအရေအတွက်က ကလေးဆိုရင် ၅% – ၁၅% ဖြစ်ပြီး လူကြီးဆိုရင် ၁% – ၁.၅% နီးပါးရှိပါတယ်။
လက္ခဏာ
ရောဂါနာမည်အတိုင်းပဲ လူအများစုက အိပ်နေရင်းမတ်တပ်ထရပ်ပြီး ဟိုဒီလမ်းလျှောက်သွားပါတယ်။ ဒါတင်မကဘဲ တခြားအရာတွေလည်းလုပ်တတ်ပါသေးတယ်။ အိပ်နေရင်းလမ်းလျှောက်သူတွေမှာ အောက်ပါလက္ခဏာတွေရှိနိုင်ပါတယ်။
အိပ်တဝက် နိုးတဝက်နဲ့ လမ်းလျှောက်ခြင်း
အိပ်ပျော်ပြီး ၂ – ၃ နာရီအတွင်း အဖြစ်များခြင်း
ပြုမူသွားလာပုံ မူမမှန်ခြင်း
ကောင်းကောင်းမသိခြင်း – ဘေးပတ်ဝန်းကျင်မှာ ဘာတွေရှိလဲ၊ ဘာတွေဖြစ်နေတာလဲ ကောင်းကောင်းမသိပါဘူး။ မျက်လုံးကပွင့်ချင်ပွင့်နေနိုင်ပေမဲ့ တုံ့ပြန်မှုရှိချင်မှရှိမှာပါ။
မမှတ်မိခြင်း – အိပ်နေရင်းလုပ်ခဲ့တာတွေကို မမှတ်မိပါဘူး။
ခက်ခဲတဲ့အရာတွေ မလုပ်နိုင်ခြင်း – ဥပမာပြောရရင် သော့ခတ်ထားတဲ့တံခါးကို မဖွင့်နိုင်ပါဘူး။ ဘာကြောင့်လဲဆို အသိ၊ သတိကောင်းကောင်းမရှိတာကြောင့် ရှုပ်ထွေးတဲ့အရာတွေကိုမလုပ်ဆောင်နိုင်လို့ပါ။
အိပ်မက်ထဲကအတိုင်း ပြုမူခြင်း – တခါတလေ မဟုတ်တဲ့နေရာတွေမှာ ရှူးပေါက်တာ၊ တစ်ယောက်ယောက်ကို စကားပြောနေတာတွေ ဖြစ်နိုင်ပါတယ်။
အစားစားခြင်း – ပုံမှန်အားဖြင့် မစားတဲ့အရာတွေကို အိပ်နေရင်းနဲ့စားတတ်ပါတယ်။ ဒီအခါမှာဆိုရင် ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။
အများစုကတော့ အိပ်နေရင်းလမ်းလျှောက်တဲ့အခါ ရှုပ်ထွေးတဲ့ကိစ္စတွေကိုမလုပ်နိုင်ပေမဲ့ ရှားရှားပါးပါး တချို့သူတွေမှာ အိပ်နေရင်း ကားမောင်းတာ၊ ထမင်းဟင်းချက်တာတွေ လုပ်နိုင်ကြပါတယ်။ ဒီလိုအပြုအမူက မအိပ်ရတာ ၂၄ နာရီထက်ကျော်သွားတဲ့အခါမျိုးမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်။
ဘာကြောင့်ဖြစ်တာလဲ?
ပညာရှင်တွေအနေနဲ့တော့ ဘာကြောင့်ဖြစ်လဲကိုမသိကြသေးပါဘူး။ လောလောဆယ်တော့ မျိုးရိုးဗီဇကြောင့်လို့ပဲ ပြောနိုင်ပါတယ်။ မိဘနှစ်ဦးမှာ တစ်ဦးဖြစ်ရင် ကလေးမှာဖြစ်နိုင်ခြေ ၄၇% ရှိပြီး မိဘနှစ်ဦးလုံးဖြစ်ဖူးရင်တော့ ၆၂% အထိဖြစ်နိုင်ပါတယ်။
အောက်ပါအခြေအနေတွေမှာတော့ အိပ်နေရင်းလမ်းလျှောက်တာ ပိုဖြစ်နိုင်ပါတယ်။
အိပ်ရေးမဝခြင်း၊ အိပ်ရေးပျက်ခြင်း
တခြားအိပ်စက်မှုဆိုင်ရာရောဂါရှိခြင်း
အိပ်ခါနီး အရက်သောက်ခြင်း
စိတ်ဖိစီးမှု၊ စိုးရိမ်သောက၊ ကလေးဘဝစိတ်ဒဏ်ရာ၊ အဖြစ်အပျက်ဆိုးကြုံတွေ့ဖူးခြင်း
ဦးနှောက်ဆိုင်ရာရောဂါတချို့
နေထိုင်မကောင်းခြင်း၊ ဆီးအိမ်တင်းခြင်း၊ ဆူညံတဲ့အသံစတဲ့ ပြင်ပအကြောင်းအရာများ
ဆေးဝါးတချို့
ကုသလို့ရလား?
အိပ်နေရင်းလမ်းလျှောက်တာက အများအားဖြင့် တိုက်ရိုက်ကုသစရာမလိုအပ်ပါဘူး။ လိုအပ်လာရင်လည်း ဆေးဝါးမဟုတ်တဲ့ အောက်ပါနည်းလမ်းတွေနဲ့ သက်သာအောင်ပြုလုပ်နိုင်ပါတယ်။
စိတ်ငြိမ်းအေးစေမယ့်၊ စိတ်ဖိစီးမှုလျော့စေမယ့် နည်းလမ်းတွေကိုလုပ်ဆောင်ပါ။
တခြားအိပ်စက်မှုဆိုင်ရာရောဂါတွေ(ဥပမာ – အိပ်နေရင်းအသက်ရှူရပ်ခြင်း)ရှိရင် ကုသပါ။
စိတ်ဖိစီးပင်ပန်းမှုတွေရှိရင် စိတ်ကုထုံးခံယူပါ။
အိပ်နေရင်းလမ်းလျှောက်တာက ဖြစ်နေကျအချိန်မှာဖြစ်တတ်လို့ ဒီမတိုင်ခင် ၁၅ – ၃၀ မိနစ် ကြို Alarm ပေးပြီး အိပ်ရာကနိုးနေပါ။
အချိန်မှန်အိပ်စက်ပါ။ အိပ်ရေးဝအောင် အိပ်စက်ပါ။
အိပ်စက်မှုကိုနှောင့်ယှက်မယ့် ကော်ဖီ၊ အရက်စတာတွေ ရှောင်ကြဥ်ပါ။
ဆေးဝါးနဲ့ကုလို့ရလား?
ဒီရောဂါအတွက် သီးသန့်ကုသတဲ့ဆေးရယ်လို့တော့ မရှိပါဘူး။ ဦးနှောက်အာရုံကြောဆိုင်ရာ ဆေးတချို့ကိုတော့ လိုအပ်လာရင် ဆရာဝန်တွေကညွှန်ကြားပေးပါလိမ့်မယ်။
နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်လဲ?
အိပ်နေရင်းလမ်းလျှောက်တာက သင့်ကို ထိခိုက်ဒဏ်ရာရနိုင်ခြေများစေပါတယ်။ ခြေချော်တာ၊ ပြုတ်ကျတာ၊ မလုပ်သင့်တဲ့အရာ၊ မရည်ရွယ်တဲ့အရာတွေလုပ်မိတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အိပ်နေရင်းလမ်းလျှောက်တာကို အဖြစ်နည်းအောင်၊ ဘေးကင်းအောင်လုပ်ဖို့လိုအပ်ပါတယ်။
တံခါး၊ ပြတင်းပေါက်တွေကို လော့ချထားပါ။
ကွဲရှနိုင်တဲ့အရာတွေကို ဖယ်ရှားပါ။
အသံမြည်တဲ့ပစ္စည်းတွေကို တပ်ဆင်ထားပါ။ ဒါမှ ကိုယ်တိုင်ဖြစ်ဖြစ်၊ မိသားစုဝင်ပဲဖြစ်ဖြစ် နိုးလာမှာပါ။
ခလုတ်တိုက်၊ ပြုတ်ကျတာမျိုးမဖြစ်အောင် အိမ်အပြင်အဆင်ကိုပြောင်းလဲပါ။
အန္တရာယ်ရှိတဲ့ပစ္စည်းကိရိယာတွေကို လုံခြုံအောင်သိမ်းထားပါ။
ပြောရရင် အိပ်နေရင်းလမ်းလျှောက်တာက ပြင်းထန်တဲ့ရောဂါတော့မဟုတ်ပေမဲ့ အန္တရာယ်တော့ရှိနိုင်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံးမဖြစ်အောင်တားဆီးဖို့၊ ဒဏ်ရာမရအောင်ကာကွယ်ဖို့ အရေးကြီးပါတယ်။ အိပ်နေရင်းလမ်းလျှောက်တဲ့သူကိုတွေ့ခဲ့ရင် နှိုးတာကနှိုးလို့ရပါတယ်။ ဒါပေမဲ့ အဲ့လိုနိုးလာပြီဆိုရင် စိတ်ရှုပ်ထွေးပြီး ကြောင်စီစီဖြစ်နေတတ်ပါတယ်။ ဒီတော့ အကောင်းဆုံးက အိပ်နေရင်းလမ်းလျှောက်တဲ့သူကိုတွေ့ရင် ညင်ညင်သာသာနဲ့ အိပ်ရာဆီခေါ်ဆောင်သွားပါ။ သူတို့ကတော့ ဖြစ်ခဲ့တာတွေကိုမှတ်မိနိုင်မှာမဟုတ်ပါဘူး။