သင်ဟာ အကိုက်အခဲပျောက်ဆေး သောက်သုံးနေရသူတစ်ဦးလား?
အကိုက်အခဲပျောက်ဆေးနှင့်ကျောက်ကပ်ထိခိုက်ခြင်း
အကိုက်အခဲပျောက်ဆေးဆိုတာမှာ paracetamol, aspirin, ibuprofen စတာတွေ ပါဝင်ပါတယ်။
အကိုက်အခဲပျောက်ဆေးရဲ့ဆိုးကျိုးလို့ ပြောလိုက်ရင် လူအများစုသိပြီးသားက အစာအိမ် ထိခိုက်တယ်ဆိုတာပါ။
နောက်ထပ် ဂရုပြုရမယ့်ဘေးထွက်ဆိုးကျိုးကတော့ ကျောက်ကပ်ထိခိုက်ခြင်းပါပဲ။
လေ့လာချက်တစ်ခုအရ နဂိုကျောက်ကပ်ရောဂါမရှိတဲ့ အကိုက်အခဲပျောက်ဆေးသုံးစွဲသူနှင့် မသုံးစွဲသူအုပ်စု နှစ်ခု ယှဉ်ကြည့်တဲ့အခါ သုံးစွဲသူတွေမှာ ကျောက်ကပ်ထိခိုက်နိုင်ခြေဟာ သုံးဆမြင့်တက်လာတာကို တွေ့ရပါတယ်။
ဘယ်သူတွေမှာ ဖြစ်တတ်လဲ ?
အကိုက်အခဲပျောက်ဆေးတွေကို ကာလရှည်ကြာစွာ သောက်သုံးနေရသူတွေမှာ ဖြစ်တတ်ပါတယ်။
အခြားဖြစ်နိုင်ခြေရှိသူများ
- အသက်အရွယ်ကြီးသူ
- သွေးတိုးရောဂါရှိသူ
- ဆီးချိုရောဂါရှိသူ
- နှလုံးသွေးကြောကျဉ်းရောဂါရှိသူ
- နဂိုကျောက်ကပ်အားနည်းသူ
- ဆေးလိပ်၊ အရက် မှီဝဲသူ
ရောဂါ လက္ခဏာများ
စဦးပိုင်းမှာ လက္ခဏာ မပေါ်တာမျိုးရှိတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ –
- မောပန်းနွမ်းနယ်ခြင်း
- ဆီးခဏခဏသွားခြင်း
- ဆီးမထိန်းနိုင်ခြင်း
- ဆီးတွင် သွေးပါခြင်း
- ခါးနာခြင်း
- ဆီးပမာဏနည်းလာခြင်း
- ပျို့အန်ခြင်း
- ကယောင်ကတမ်းဖြစ်ခြင်း
- သွေးထွက်လွယ်ခြင်း ၊ အညိုအမည်းစွဲခြင်း စတဲ့ ကျောက်ကပ်ပျက်စီးခြင်း လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
ဘယ်လို စစ်ဆေးကြည့်မလဲ။
ပထမဆုံး ဆီးစစ်ကြည့်ရပါမယ်။
ဆီးထဲမှာ ရှိတဲ့ အသားဓာတ်နဲ့ ကျောက်ကပ်ဆိပ်ဓာတ် အချိုးကို စစ်ကြည့်ရပါမယ်။
သွေးစစ်ခြင်း၊ ဝမ်းဗိုက်ကို USG, CT ရိုက်ခြင်း စတဲ့ တခြားစစ်ဆေးမှုတွေလည်း လိုအပ်နိုင်ပါတယ်။
ဖြစ်လာခဲ့တယ်ဆိုရင် နောက်ဆက်တွဲတွေက –
- ကျောက်ကပ် လုံးဝပျက်စီးသွားခြင်း
- ဆီးအိမ်ကင်ဆာ ဖြစ်ခြင်း
- အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ပိုဖြစ်တတ်ပါတယ်။
ဒါတွေ ရှောင်ရှားနိုင်ဖို့အတွက် အကိုက်အခဲပျောက်ဆေးတွေ အလွယ်တကူမသောက်ဖို့နဲ့
အလွန်အကျွံ မသောက်မိဖို့၊ သောက်ဖို့ လိုအပ်ခဲ့ရင်လည်း သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ဖို့ကို တိုက်တွန်းလိုက်ရပါတယ်။