ဆီးချိုရောဂါ ရှိလာပြီဆိုရင် နေ့တိုင်းစိန်ခေါ်မှုခံစားရနိုင်ပါတယ်။ ဆေးဆက်တိုက်သောက်ရမယ်၊ သွေးစစ်ဆေးရမယ်၊ ဘာစားသင့်လဲ ချင့်ချိန်ရမယ်၊ ဆေးထိုးခြင်းနဲ့အမျိုးမျိုးသောဆရာဝန်ရဲ့ ချိန်းဆိုမှုတွေက နေထိုင်ရတာ ခက်ခဲစေပါတယ်။
စားသောက်နေထိုင်မှုအတွက် ထည့်သွင်းစဉ်းစားရမည့်အချက်တွေ အများကြီးရှိနေပေမယ့် ဘဝကိုချုပ်နှောင်ထားဖို့တော့ မလိုအပ်ပါဘူး။ ကောင်းမွန်တဲ့ကုသနည်းနဲ့ ဘာစားရမယ်ဆိုတဲ့ အကြံဉာဏ်တွေကနေ ဆီးချိုရောဂါကို လက်တွေ့ကျကျ သေချာဂရုစိုက်မယ်ဆိုရင် ရောဂါကြောင့် ခံစားရတဲ့လက္ခဏာတွေ သက်သာလာပြီး ရောဂါ ရဲ့ နောက်ဆက်တွဲဆိုးကျိုးဖြစ်တဲ့ နှလုံးရောဂါ ၊ လေဖြတ်ခြင်း၊ အာရုံကြောပြဿနာ၊ ကျောက်ကပ်ရောဂါ၊ မျက်စိပြဿနာတွေကိုပါ လျော့ချနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် မိမိမှာ ဆီးချိုရောဂါရှိလာခဲ့ရင် ဘယ်လိုကျန်းမာအောင် နေထိုင်သင့်လဲဆိုတာ ပြောပြပေးလိုက်ပါတယ်။
အစားအစာကို သင့်တင့်မျှတစွာစားပါ
- ဆီးချိုသမားတွေအတွက် အစားစားတဲ့အခါမှာ Plate Model ဆိုတာ ရှိပါတယ်။
- ပန်းကန်ပြားရဲ့ တစ်ဝက်စာဟာ အသီးအရွက်နဲ့ အသီး ဖြစ်ရပါမယ်။ လေးပုံတစ်ပုံက ကစီဓာတ်အစားအစာ (ဥပမာ-ထမင်း) ဖြစ်ပြီး ကျန်တဲ့လေးပုံတစ်ပုံက အသားဓာတ်ဖြစ်ရပါမယ်
- တတ်နိုင်သမျှ အဆီ၊ သကြား၊ ဆား၊ ကယ်လိုရီနည်းတဲ့ အစားအစာတွေစားပါ။
- အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများကို စားပါ။
- သစ်သီးဖျော်ရည်၊ အချိုရည်တွေအစား ရေသောက်ပါ။
ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ
- နေ့ရက်တိုင်းမှာ ခန္ဓာကိုယ်ကို တက်ကြွစွာလှုပ်ရှားပေးသင့်ပါတယ်။
- အများကြီး လှုပ်လှုပ်ရှားရှား မလုပ်နိုင်တောင် တစ်နေ့ကို ၁၀ မိနစ်စာ လမ်းလျှောက်တာမျိုး သုံးကြိမ်ကနေ စလုပ်ကြည့်ပါ။
- တစ်ပတ်နှစ်ခါ ကြွက်သားသန်မာစေတဲ့ လေ့ကျင့်ခန်းမျိုး ပြုလုပ်သင့်ပါတယ်။ ယောဂကျင့်တာ၊ သစ်ပင်လေးတွေကို ပေါင်းသင်တာမျိုးတွေ လုပ်လို့ရပါတယ်။
- မိမိရဲ့ ခန္ဓာကိုယ်နဲ့ကိုက်ညီပြီး ကျန်းမာရေးအရသင့်တော်တဲ့ ကိုယ်အလေးချိန်တစ်ခုကို ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။
နေ့စဉ်ပြုလုပ်ရမယ့် အရာများ
- ဆီးချိုရောဂါအတွက် ပုံမှန်သောက်ဖို့ လိုအပ်တဲ့ဆေးတွေကို မမေ့မလျော့ဘဲ သောက်ပါ။
- ဆီးချိုဓာတ်ကို ပုံမှန်စစ်ဆေးပြီး စာအုပ်တစ်အုပ်နဲ့ မှတ်သားထားပါ။
- ခြေချောင်းတွေမှာ အနာ၊ ပြတ်ရှဒဏ်ရာ၊ ယောင်တာတွေ ရှိလားဆိုတာကို ကြည့်ရှုစစ်ဆေးပါ။
- အနာမကျက်တာမျိုးဖြစ်တယ်ဆိုရင် ဆရာဝန်ဆီ ပြသစစ်ဆေးဖို့လိုပါမယ်။
- သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပါ။
- ဆေးလိပ်ဖြတ်ပါ။
- သွေးပေါင်ချိန်တိုင်းဖို့ ဆရာဝန်က ညွှန်ကြားထားတယ်ဆိုရင် တိုင်းပြီး မှတ်သားထားဖို့လည်း မမေ့သင့်ပါ။
စိတ်ညစ်မခံပါနဲ့
- စိတ်ဖိစီးမှုက ဆီးချိုဓာတ်ကို တက်စေနိုင်တာကြောင့် စိတ်ကျန်းမာပျော်ရွှင်ဖို့ကလည်း အရေးကြီးပါတယ်။
- ကိုယ်နဲ့ သင့်တော်မယ့် စိတ်ဖိစီးမှုကို လျော့ချနိုင်မယ့်နည်းလမ်းတွေ ( ဥပမာ- တရားထိုင်တာ ၊ အသက်ရူလေ့ကျင့်ခန်းလုပ်တာ ၊ လမ်းလျှောက်တာ၊ ဝါသနာပါတဲ့ အရာတွေ လုပ်တာ ၊သီချင်းနားထောင်တာ ) ပြုလုပ်လို့ရပါတယ်။
ဆရာဝန်က မှာကြားထားတဲ့အတိုင်း ရက်ချိန်းပြဖို့ သွေးစစ်ဖို့တွေကိုလည်း မပျက်မကွက်ပြသစစ်ဆေးကြည့်ဖို့ မမေ့သင့်ပါ။
ဆီးချိုသွေးချို ရှိနေလို့ ကိုယ့်ရဲ့ဘဝကို ထိန်းချုပ်ကန့်သတ်တာမျိုး လုပ်စရာမလိုပါဘူး။ ဆီးချိုရောဂါရဲ့ ထိန်းချုပ်မှုကို မခံယူဘဲ ရောဂါကို ထိန်းချုပ်ပြီး သက်ရှည်ကျန်းမာစွာ နေထိုင်ကြပါလို့ တိုက်တွန်းလိုပါတယ်။