ခန္ဓာကိုယ်အနေအထားက အိပ်တဲ့အချိန်၊ မတ်တပ်ရပ်ချိန် (သို့) ထိုင်တဲ့အချိန်မှာ ပုံစံမမှန်ရင် ခြေလက်ဆိုတာ ထုံကျဉ်လေ့ရှိပါတယ်။ ခြေလက်ကို သက်သောင့်သက်သာဖြစ်အောင်ဆန့်လိုက်ရင် ခဏအကြာမှာ ထုံကျဉ်တာပျောက်သွားတတ်ပါတယ်။
ဒါပေမဲ့ မကြာခဏဆိုသလိုဖြစ်နေပြီဆိုရင် ဒါက တိုက်ဆိုင်မှုမဟုတ်တော့ပါဘူး။ ခြေလက်ထုံကျဉ်ရတဲ့အကြောင်းအရင်းက များစွာရှိပြီး တချို့က ဂရုစိုက်ရမယ့်အခြေအနေဖြစ်နိုင်ပါတယ်။
ထုံကျဉ်တယ်ဆိုတာ အများအားဖြင့် သွေးစီးဆင်းမှု (သို့) အာရုံကြောသတင်းပို့မှုက ခြေလက်တွေဆီ ကောင်းကောင်းမရောက်တော့တာပါ။
ဘာကြောင့်ဖြစ်တာလဲ
အဖြစ်များဆုံးအကြောင်းအရင်းကတော့ အာရုံကြော/သွေးကြောကို ဖိထားမိလို့ဖြစ်ပါတယ်။ ပြန်ဖြေလျှော့ပေးလိုက်ရင် ထုံကျဉ်တာသက်သာသွားပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ သူ့ဘာသာသူ ဖြစ်ချင်တဲ့အချိန်ဖြစ်နေတယ်ဆိုရင် အောက်ပါအခြေအနေတွေရဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။
- အာရုံကြောအလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ ဗီတာမင် အီး၊ ပီ၊ ဘီအုပ်စု ချို့တဲ့ခြင်း
- အာရုံကြောကိုထိခိုက်ပျက်စီးစေနိုင်တဲ့ (အများအားဖြင့် ခြေထောက်မှာပိုထုံကျဉ်တဲ့) Type 2 ဆီးချို
- အသက်ကြီးတဲ့သူတွေမှာ အဖြစ်များတဲ့ ခြေလက်အာရုံကြောမကောင်းတဲ့ရောဂါ
- ကူးစက်ရောဂါတချို့(ဥပမာ – ရေကျောက်၊ ရေယုန်၊ HIV)
- ရှားရှားပါးပါးဖြစ်တဲ့ ခဲ၊ ပြဒါး၊ စိန်အဆိပ်သင့်ခြင်း
- အရေပြားလေးဘက်နာ၊ အဆစ်ရောင်လေးဘက်နာစတဲ့ ကိုယ်ခံအားဖောက်ပြန်တဲ့ရောဂါ
- ဆေးလိပ်၊ အရက် သောက်သုံးခြင်း
တခြားဖြစ်နိုင်တဲ့ရောဂါ၊ အခြေအနေတွေလည်း ရှိသေးတာမို့ နေ့စဉ်ရက်ဆက် ခြေလက်ထုံကျဉ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။
ခြေလက်ထုံကျဉ်ခြင်းနဲ့အတူ အောက်ပါလက္ခဏာတွေပါပြလာရင်တော့ လေဖြတ်တာဖြစ်နိုင်လို့ အရေးပေါ်ကုသမှုခံယူရပါမယ်။
- မျက်နှာ၊ လက်၊ ခြေတစ်ဖက်ခြမ်း ထုံခြင်း/လေးခြင်း/အားနည်းခြင်း
- ကြောင်စီစီဖြစ်ခြင်း
- စကားပြောရခက်ခြင်း၊ လမ်းလျှောက်ရခက်ခြင်း၊ အမြင်ဝေဝါးခြင်း
- ခေါင်းမူးခြင်းဟန်ချက်မထိန်းနိုင်ခြင်း
- မိမိခြေလက်ကို မထိန်းချုပ်နိုင်ခြင်း
ဘယ်လိုကာကွယ်မလဲ
- ခြေလက်ထုံကျဉ်တာအဖြစ်နည်းအောင်ဆိုရင် ကျန်းမာတဲ့နေထိုင်စားသောက်မှုပုံစံကို ကျင့်သုံးရပါမယ်။
- ဆေးလိပ်သောက်တာ၊ အရက်အလွန်အကျွံသောက်တာ ရှောင်ကြဉ်ပါ။
- ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
- အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပဲပါဝင်တဲ့ မျှတတဲ့အစားအစာကိုစားပါ။
- ရေများများသောက်ပြီး ပုံစံတစ်မျိုးတည်းနဲ့ အကြာကြီးနေတာမျိုး ရှောင်ကြဉ်ပါ။
ဒီတော့ မသင်္ကာစရာ ခြေလက်ထုံကျဉ်တာမျိုးခံစားရပြီဆိုရင် ဆရာဝန်နဲ့သာချက်ချင်းပြပါ။ မိမိဘာသာ ဆေးမြှီးတိုနဲ့မကုပါနဲ့။ ရောဂါသေးတော့လည်း အလွယ်တကူကုလိုက်နိုင်ပြီး ရောဂါကြီးတော့လည်း စောစောစီးစီးသိနိုင်တာပေါ့။

