ရေချိုးတယ်ဆိုတာတစ်ကိုယ်ရေသန့်ရှင်းရေးအတွက်အရေးပါပေမဲ့ဆောင်းရာသီမှာရေချိုးရတာကစိန်ခေါ်မှုတစ်ခုပါပဲ။ဆောင်းတွင်းရောက်ရင်လူအများစုကပုံမှန်ရေမချိုးတာ၊ အရမ်းပူတဲ့ရေနွေးနဲ့ ချိုးတာမျိုး လုပ်တတ်ကြပါတယ်။တကယ်တော့ဒါမျိုးတွေကသင့်အသားအရေ၊ ကျန်းမာရေးနဲ့၊ စိတ်ခံစားချက် အတွက်မကောင်းလှပါဘူး။ဒီနေ့မှာတော့ဆောင်းတွင်းမှာကျန်းမာရေးကိုမထိခိုက်ဘဲ ဘယ်လိုရေချိုး ရမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။
နေ့တိုင်းရေချိုးပါ။ ဒါပေမဲ့ မကြာပါစေနဲ့။
အေးလို့၊ ပျင်းလို့ဆိုပြီး ရေမချိုးတာမျိုးမလုပ်ဘဲ နေ့တိုင်း ရေခပ်နွေးနွေးနဲ့ ပုံမှန်ရေချိုးသင့်ပါတယ်။ ဒါမှသာ တစ်ကိုယ်ရေသန့်ရှင်းပြီး သွေးလည်ပတ်မှုကောင်းမှာဖြစ်ပါတယ်။ ရေချိုးလိုက်ရင် စိတ်ဖိစီးမှုတွေလည်း လျော့ကျပြီး ကောင်းကောင်းအိပ်ပျော်လို့ စိတ်ကိုပျော်ရွှင်စေပါတယ်။ ဒါပေမဲ့ ခဏခဏချိုးတာမျိုး၊၁၀မိနစ်ထက်ပိုကြာအောင်ချိုးတာမျိုးမပြုလုပ်သင့်ပါဘူး။ အရေပြားခြောက်သွေ့လွန်းတဲ့အခါမှာ အရေပြားရဲ့ခုခံအားကျဆင်းသွားနိုင်ပါတယ်။
မှန်ကန်တဲ့ရေအပူချိန်ထားပါ။
ချိုးတဲ့ရေရဲ့ အပူချိန်က အရေပြားကျန်းမာရေးနဲ့ သက်သောင့်သက်သာဖြစ်မှုအပေါ် ကြီးမားတဲ့သက်ရောက်မှုရှိပါတယ်။ အရမ်းပူတဲ့ရေက အရေပြားရဲ့ ကာကွယ်နိုင်စွမ်းကိုထိခိုက်စေပြီး ယားယံတာ၊ နီရဲတာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကြက်သီးနွေး/ခပ်နွေးနွေးရေနဲ့သာ ရေချိုးပါ။ ဒါမှသာ အရေပြားရဲ့ သဘာဝအဆီနဲ့ အစိုဓာတ်တွေသိပ်မဆုံးရှုံးဘဲ သန့်စင်သွားမှာဖြစ်ပါတယ်။
အရေပြားအပေါ် နူးညံ့ပါ။
အရေပြားက ဆောင်းတွင်းမှာဆိုရင် ပိုအထိမခံဖြစ်ပြီး ပိုခြောက်သွေ့လွယ်တာမို့ ရေချိုးတဲ့အခါ နူးနူးညံ့ညံ့ကိုင်တွယ်ပါ။ အရေပြားကို ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်တာမျိုးရှောင်ကြဥ်ပါ။ အပျော့စား ဆပ်ပြာ/Body Wash အသုံးပြုပြီး သဘက်နဲ့ရေသုတ်တဲ့အခါမှာလည်း ခပ်ကြမ်းကြမ်းမပွတ်ဘဲ ဖွဖွသုတ်ပါ။
ရေချိုးချိုးပြီးချင်း အစိုဓာတ်ဖြည့်ပါ။
ဆောင်းတွင်းမှာ ရေချိုးပြီးတာနဲ့ အလုပ်သင့်ဆုံးတစ်ခုကတော့ ချက်ချင်းအစိုဓာတ်ဖြည့်ပေးဖို့ပါပဲ။ ဒါမှသာ အစိုဓာတ်ပြည့်ဝနေပြီး အရေပြားအက်ကွဲတာ၊ အဖတ်လန်တာတွေမဖြစ်အောင် တားဆီးနိုင်မှာပါ။ သင့်အသားအရေအမျိုးအစားနဲ့ကိုက်ညီတဲ့ Moisturizer ကိုရွေးချယ်ပြီး ခန္ဓာကိုယ်အနှံ့လူးပါ။
ဆံပင်နဲ့ ခြေထောက်ကိုလည်း ဂရုစိုက်ပါ။
ဆောင်းရာသီမှာ ရေချိုးတဲ့အခါ ဆံသားနဲ့ ခြေထောက်ကိုလည်း မေ့ထားလို့မရပါဘူး။ ခေါင်းခဏခဏလျှော်တာ၊ အရမ်းပူတဲ့ရေနဲ့လျှော်တာက ဦးရေပြားကိုခြောက်သွေ့စေပြီး ဆံသားကိုကြွပ်ဆတ်ပွယောင်းစေပါတယ်။ ဒါကြောင့် ခေါင်းလျှော်ရည်အပျော့စားနဲ့ Conditioner ကိုသုံးသင့်ပါတယ်။ ခြေထောက်အတွက်ဆိုရင်လည်း ဖနောင့်ကွဲအက်တာမျိုးမဖြစ်အောင် Scrub တိုက်တာ၊ အစိုဓာတ်ခရင်မ်လိမ်းပေးတာမျိုး ပြုလုပ်ပေးပါ။ ခြေထောက်သက်သောင့်သက်သာဖြစ်မယ့် ခြေအိတ်၊ ဖိနပ်တွေဝတ်ပါ။
အထက်ပါနည်းလမ်းတွေကိုလိုက်နာမယ်ဆိုရင်ဆောင်းရာသီမှာရေချိုးရတာက ကျေနပ်ဖွယ်ကောင်းပြီး အကျိုးများပါလိမ့်မယ်။ ဒါကြောင့် ရာသီဥတုအေးလို့ဆိုပြီး ရေမချိုးဘဲမနေဘဲ ဆောင်းရာသီကို ကျန်းမာလန်းဆန်းစွာဖြတ်သန်းလိုက်ပါ။

