အာဖရိကကစတင်ပြီး လျင်မြန်စွာကူးစက်ပြန့်ပွားနေတဲ့ မျောက်ကျောက် Mpox မျိုးကွဲအသစ်က အခုဆိုရင် ကမ္ဘာ့အရေးပေါ်ကျန်းမာရေးအခြေအနေ တဖန်ပြန်ဖြစ်လာပါပြီ။ ဒီတော့ Mpox ဆိုတာဘာလဲ၊ ဘယ်ကစဖြစ်တာလဲ၊ အသက်သေနိုင်လား၊ ဘယ်လိုကာကွယ်ရမလဲ စတာတွေကိုမျှဝေသွားပါမယ်။
◾Mpox ဆိုတာဘာလဲ?
Mpox ဆိုတာ အရင်က Monkeypox လို့ခေါ်ခဲ့ကြတဲ့၊ လူအချင်းချင်း နီးနီးကပ်ကပ်နေရင် ကူးစက်နိုင်ခြေများတဲ့ ဗိုင်းရပ်စ်ရောဂါဖြစ်ပါတယ်။ ရောဂါရှိတဲ့သူ ထိတွေ့ထားတဲ့ အရာဝတ္ထုကနေလည်း ကူးစက်ပြန့်ပွားနိုင်ပါတယ်။ ရောဂါစတင်ရာကတော့ အာဖရိကအလယ်ပိုင်း ကွန်ဂိုနိုင်ငံဖြစ်ပြီး ၁၉၇၀ မှာတွေ့ရှိခဲ့တာပါ။
ဒီရောဂါကို နှစ်တွေအကြာကြီး လျစ်လျူရှုထားခဲ့ကြရာက ၂၀၂၂ ခုနှစ်မှာတော့ ကမ္ဘာ့နိုင်ငံများစွာကိုကူးစက်ပြီး ကမ္ဘာ့ကပ်ရောဂါဖြစ်ခဲ့ပါတယ်။
◾ရောဂါလက္ခဏာက ဘာတွေလဲ
ယေဘုယျလက္ခဏာတွေကတော့ ရေကြည်ဖုအနာ ၂ – ၄ ပတ်လောက်ပေါက်ပြီး ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ ကျောနာခြင်း၊ အားမရှိဘဲနုံးခြင်း၊ အကျိတ်ရောင်ခြင်းတွေဖြစ်တတ်ပါတယ်။ ရေကြည်ဖုအနာက မျက်နှာ၊ လက်ဖဝါး၊ ခြေဖဝါး၊ လိင်အင်္ဂါ၊ ပါးစပ်၊ လည်ချောင်း၊ မျက်လုံးတွေမှာ ပေါက်နိုင်ပါတယ်။ ရောဂါရှိသူက အနာအားလုံးကျက်၊ အနာဖေးကွာပြီး အရေပြားအသစ်ပြန်မဖြစ်မချင်း သူတပါးကိုကူးစက်နိုင်ပါတယ်။ ရောဂါပြင်းထန်တဲ့သူတွေကတော့ ဆေးရုံတက်ဖို့လိုနိုင်ပါတယ်။
◾ဘယ်လိုမျိုး ကူးစက်ပြန့်ပွားလဲ?
• လူလူချင်း ကူးစက်ခြင်း – ထိတွေ့ကိုင်တွယ်ခြင်း၊ လိင်ဆက်ဆံခြင်း၊ အနီးကပ်စကားပြောခြင်းစတဲ့ နီးကပ်တဲ့ထိတွေ့မှုတွေကတဆင့် ကူးစက်ပါတယ်။ အဝတ်အစား၊ အိပ်ရာ၊ သဘက်တွေပေါ်မှာလည်း ကပ်တွယ်နိုင်ပါတယ်။ လူတစ်ယောက်က အဲ့ဒီပစ္စည်းတွေကိုထိမိပြီးနောက် မိမိရဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေကိုကိုင်တဲ့အခါ ရောဂါကူးစက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ကနေ ကလေးကိုလည်းကူးစက်နိုင်ပါတယ်။
• တိရစ္ဆာန်မှ လူကိုကူးစက်ခြင်း – ရောဂါပိုးရှိတဲ့ မျောက်၊ ကြွက်စတဲ့တိရစ္ဆာန်တွေနဲ့ထိတွေ့မိရင်လည်း ရောဂါကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့အသားကို မကျက်တကျက်ချက်စားရင်လည်း ကူးနိုင်ပါတယ်။
◾Mpox ကြောင့် အသက်သေနိုင်လား?
ရှားတယ်ဆိုပေမဲ့ အသက်သေနိုင်ပါတယ်။ သေဆုံးနိုင်ခြေက 0.1% – 10% အထိရှိပါတယ်။ သေဆုံးနှုန်းက ကျန်းမာရေးစောင့်ရှောက်မှု၊ ရောဂါအခံ စတာတွေနဲ့လည်း သက်ဆိုင်ပါတယ်။ အများအားဖြင့်တော့ တစ်ပတ်နှစ်ပတ်နေရင် သူ့ဘာသာသူ ပျောက်သွားလေ့ရှိပါတယ်။ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကိုယ်ခံအားနည်းသူတွေမှာတော့ ရောဂါပြင်းထန်နိုင်ပါတယ်။
◾ကာကွယ်ဆေးရှိလား?
ရှိပါတယ်။ WHO က ညွှန်ကြားထားတဲ့ကာကွယ်ဆေးတွေ ရှိပါတယ်။ ဒါပေမဲ့ လတ်တလောမှာတော့ ကမ္ဘာတဝှမ်း လူအစုလိုက် ကာကွယ်ဆေးထိုးကြဖို့ မညွှန်ကြားသေးပါဘူး။
◾ဘယ်လိုကာကွယ်မလဲ?
▪️တစ်ခုခုကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ဆေးပါ။
▪️ထိတွေ့ကိုင်တွယ်ထားတဲ့မျက်နှာပြင်တွေကို ပိုးသန့်စင်ပါ။
▪️လက်နဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်ကို ခဏခဏမကိုင်ပါနဲ့။
▪️တိရစ္ဆာန်တွေနဲ့ ထိတွေ့ကိုင်တွယ်ခြင်း မပြုပါနဲ့ ။
▪️အသားချက်ပြုတ်စားတဲ့အခါ ကျက်အောင်ချက်ပြုတ်ပါ။
အခုဆိုရင် Mpox မျိုးကွဲအသစ်က အာဖရိကအပြင်ဘက်နိုင်ငံ ဆွီဒင်မှာ တစ်ဦး
စတင်တွေ့ ရှိထားပြီးဖြစ်လို့ အများပြည်သူအနေနဲ့ သတိပြုဆင်ခြင်နိုင်အောင် မျှဝေလိုက်ပါတယ်။