AMI Life News

သွေးဆုံးခါနီးဝေဒနာကို သက်သာစေမည့်နည်းလမ်းများ

အမျိုးသမီးတွေမှာ အသက် ၄၀ နောက်ပိုင်း၊ ၅၀ ‌ကျော်လာပြီဆိုရင် သွေးဆုံးတဲ့လက္ခဏာတွေက စတင်လို့လာပြီး အများအားဖြင့် နှစ်နဲ့ကြာတတ်ကြပါတယ်။ ဒီကာလအတွင်းမှာဆိုရင် သွေးဆုံးတဲ့အမျိုးသမီး အနည်းဆုံး ၃ ပုံ ၂ ပုံ လောက်က သွေးဆုံးခါနီးဝေဒနာတွေကို ခံစားရတတ်ပါတယ်။ ရှိန်းတိန်းဖိန်းတိန်းဖြစ်ခြင်း၊ ညဘက်ချွေးထွက်ခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ စိတ်ဆတ်ခြင်း၊ နုံးခြင်းအစရှိတာတွေ ခံစားရပါတယ်။ ဒါ့အပြင် အရိုးပွခြင်း၊ အဝလွန်ခြင်း၊ နှလုံးရောဂါ၊ ဆီးချို အစရှိတဲ့ရောဂါတွေလည်း ဖြစ်နိုင်ခြေပိုများလာပါတယ်။

ဒီနေ့မှာတော့ သွေးဆုံးခါနီးရင်ဖြစ်တတ်တဲ့ ဝေဒနာတွေကိုပြေလျော့သက်သာစေမယ့် နည်းလမ်းတွေကို ‌ဖော်ပြလိုက်ပါတယ်။

◼️ကယ်လ်စီယမ်၊ ဗီတာမင်ဒီ  ကြွယ်ဝတဲ့အစားအစားကိုစားပါ

သွေးဆုံးချိန်မှာ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်းက အရိုးကိုအားနည်းစေပြီး အရိုးပွနိုင်ခြေကိုမြင့်မားစေပါတယ်။ ဒါကြောင့် အရိုးကိုကျန်းမာစေတဲ့ ကယ်လ်စီယမ်၊ ဗီတာမင်ဒီပါဝင်တဲ့ အစားအသောက်တွေကို လုံလောက်စွာစားသုံးပါ။ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ အစိမ်းရောင်ဟင်းရွက်၊ တို့ဟူး၊ ပဲအမျိုးမျိုးက ကယ်လ်စီယမ်ကြွယ်ဝပြီး ဗီတာမင်ဒီအတွက်ကတော့ နေရောင်ခြည်နဲ့ထိတွေ့ပါ။ ဒါပေမဲ့ အသက်ကြီးလာရင် နေရောင်ခြည်ကနေ ဗီတာမင်ဒီထုတ်တာကနည်းသွားတတ်လို့ ဖြည့်စွက်စာ (သို့) ဥအမျိုးမျိုး၊ ငါးကြီးဆီ၊ ဗီတာမင်ဒီဖြည့်စွက်ထားတဲ့အစားအစာတွေကို မှီဝဲနိုင်ပါတယ်။

◼️ကိုယ်အလေးချိန်ထိန်းပါ

သွေးဆုံးချိန်နီးရင် အများအားဖြင့် ဝိတ်တက်လာကြပါတယ်။ ဒါက ‌ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ဖြစ်နိုင်သလို အသက်အရွယ်၊ နေထိုင်စားသောက်ပုံ၊ ဗီဇနဲ့လည်းသက်ဆိုင်ပါလိမ့်မယ်။

လေ့လာမှုတစ်ခုအရ တစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန်ရဲ့ ၁၀ % ကို လျှော့ချလိုက်နိုင်တဲ့အမျိုးသမီးတွေက ဖိန်းတိန်းရှိန်းတိန်းဖြစ်တာ၊ ညဘက်ချွေးထွက်တာတွေ သက်သာသွားနိုင်ပါတယ်။

◼️အသီးအနှံ၊ ဟင်းသီးဟင်းရွက် များများစားသုံးပါ

ဒီအစားအစာတွေက သွေးဆုံးခါနီးလက္ခဏာတော်တော်များများကို သက်သာစေတဲ့အပြင် ကယ်လိုရီနည်းပြီး ဗိုက်ပြည့်တင်းတိမ်စေလို့ ကိုယ်အလေးချိန်ထိန်းသိမ်းရာမှာလည်း အထောက်အကူပြုပါတယ်။ နောက်ပြီး အရိုးကျန်းမာအောင်လည်း ကူညီပေးပါတယ်။

◼️ပိုဆိုးစေမယ့်အစားအစာတွေကို ရှောင်ပါ

တချို့အစားအစာတွေက ဖိန်းတိန်းရှိန်းတိန်းဖြစ်ခြင်း၊ ညဘက်ချွေးထွက်ခြင်း၊ စိတ်အတက်အကျမြန်ခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကဖင်း၊ အရက်၊ အချိုကဲတဲ့အစားအစာ၊ အစပ်စတဲ့ ဝေဒနာပိုဆိုးစေတဲ့အစားအသောက်တွေကို ရှောင်ကြဉ်ပါ။

◼️ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ

ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက သွေးဆုံးခါနီးသူတွေမှာဖြစ်တတ်တဲ့ အိပ်မပျော်ခြင်း၊ စိုးရိမ်သောကများခြင်း၊ ဝမ်းနည်းခြင်း၊ ပင်ပန်းခြင်းတွေကို သက်သာစေနိုင်ပါတယ်။ သွေးဆုံးပြီးတဲ့သူတွေမှာဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေက သိသိသာသာမြင့်တက်လာလို့ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ဖို့ အင်မတန်အရေးကြီးလှပါတယ်။

◼️Phytoestrogens ကြွယ်ဝတဲ့အစားအစာတွေကို စားပါ

Phytoestrogens ဆိုတာ အီစထရိုဂျင်ဟော်မုန်းနဲ့ အကျိုးအာနိသင်ချင်းတူတဲ့ အပင်ဒြပ်ပေါင်းတစ်ခုဖြစ်လို့ ဟော်မုန်းမျှတအောင်ကူညီပေးနိုင်ပါတယ်။ Phytoestrogens ကြွယ်ဝတဲ့အစားအစာတွေကတော့ ပဲပိစပ်၊ တို့ဟူး၊ နှမ်းကြတ်စေ့၊ နှမ်း၊ ပဲအမျိုးမျိုးတို့ပဲဖြစ်ပါတယ်။

◼️ရေအလုံအလောက်သောက်ပါ

သွေးဆုံးချိန်မှာ အဖြစ်များတဲ့ပြဿနာတစ်ခုက ခြောက်သွေ့ခြင်းပါ။ ဒါက အီစထရိုဂျင်ဟော်မုန်းလျော့နည်းသွားလို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၂ ခွက်အထိသောက်ပေးပါ။ ထမင်းမစားခင် နာရီဝက်လောက်ကြိုပြီး ရေ 500 ml သောက်ခြင်းကလည်း စားသုံးတဲ့ကယ်လိုရီကို ၁၃ % လျော့နည်းစေနိုင်ပါတယ်။

◼️အစားမှန်မှန်စားပါ

သွေးဆုံးချိန်မှာ အစားစားတာမမှန်ရင် ဝေဒနာတွေကပိုဆိုးတတ်ပြီး ကိုယ်အလေးချိန်ထိန်းသိမ်းရလည်း ပိုခက်နိုင်ပါတယ်။ ဒါကြောင့် ဒီကာလမှာ အချိန်မှန်စားဖို့အရေးကြီးပါတယ်။

◼️ပရိုတင်းကြွယ်ဝတဲ့အစားအစာကို စားပါ

အသက်ကြီးလာတာနဲ့အမျှ ကြွက်သားတွေက တဖြည်းဖြည်းဆုံးရှုံးလာတာပါ။ ဒီတော့ ကြွက်သားမဆုံးရှုံးဖို့အတွက်ရော ဗိုက်ပြည့်တင်းတိမ်ပြီး ကယ်လိုရီလောင်ကျွမ်းဖို့အတွက်ပါ ပရိုတင်းကြွယ်ဝတဲ့အစားအစာကို စားသုံးသင့်ပါတယ်။ ပရိုတင်းကြွယ်ဝတဲ့ အသား၊ ငါး၊ ဥအမျိုးမျိုး၊ သစ်အစေ့အဆံ၊ နို့ထွက်ပစ္စည်းတွေက စိတ်ခံစားချက်ကိုကောင်းစေပြီး အိပ်ပျော်အောင်လည်းကူညီပေးပါတယ်။ ကဲ ဒါဆိုရင်တော့  သွေးဆုံးခါနီးမှာဖြစ်တတ်တဲ့ ဝေဒနာတွေ သက်သာပျောက်ကင်းအောင် ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာသိရှိပြီး လိုက်နာလုပ်ဆောင်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်နော်။

Share Now: